၈.၁၂. ၂၀၂၄
Translated by Htwe Ko Tun
ဆီးရီးယားနိုင်ငံ မြို့တော်ဒမတ်စကပ်အတွင်းသို့ အတိုက်အခံသူပုန်အင်အားစုတပ်ဖွဲ့များက ၎င်းတို့ ဝင် ရောက်နိုင်ပြီဟု ဒီဇင်ဘာလ ၈ ရက်နံနက်တွင် ကြေညာခဲ့ကြပြီးနောက် ဆီးရီးယားသမ္မတ ဘရှာအာဆတ်မှာလေကြောင်းဖြင့် အမည်မသိ နေရာတစ်ခုသိုထွက် ပြေးသွားခဲ့ကြောင်း သတင်းဌာနများက ဖော်ပြခဲ့ကြသည်။
ညနေပိုင်းတွင်မူ အာဆတ်လိုက်ပါသွားခဲ့သော ထိုလေယာဉ်က ဆီးရီးယားနိုင်ငံအတွင်း ပျက်ကျသွားခဲ့ ကြောင်း အတည်မပြုနိုင်သော သတင်းများ ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။
သူပုန်တပ်ဖွဲ့များ မြို့တွင်းဝင်ရောက်ချိန်ခန့်က ဒမတ်စကပ်လေဆိပ်မှ ပျံတက်လာခဲ့သော လေယာဉ်တစ်စီးမှာ ဆီးရီးယားနိုင်ငံအတွင်း ပျံသန်းနေစဉ် Flightradar ဝက်ဘ်ဆိုတ်မှ ပျောက်ကွယ်သွားခဲ့ရာ ပျက်ကျသွားသည်ဟု ယူဆရသော ထိုလေယာဉ်ပေါ်၌ ထွက်ပြေးသွားသော သမ္မတ အာဆတ် လိုက်ပါလာခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ဒီဇင်ဘာလ ၈ ရက် ညနေပိုင်းတွင် ထွက်ပေါ်လာသော ထိုသတင်းက ဆိုသည်။
အဆိုပါလေယာဉ်က ဒမတ်စကပ် လေဆိပ်မှ ပျံတက်လာပြီးနောက် ဆီးရီးယားနိုင်ငံ၏ ကမ်းရိုးတန်းဒေသ ဘက်သို့ အစတွင် ဦးတည်ပျံသန်းနေကြောင်း တွေ့ခဲ့ရသည်။ သို့သော် သူပုန်တို့သိမ်းပိုက်ထားသော ဟွမ်းစ်မြို့အနီးအရောက်တွင် လေယာဉ်က ရုတ်တရက်ပျံကွေ့ကာ ဆန့်ကျင်ဘက်အရပ်သို့ မိနစ်အနည်းငယ် ပျံသန်းပြီးနောက် ရေဒါမှပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ IL-76T လေယာဉ်က ရေဒါမှပျောက်ကွယ်မသွားမီ မိနစ်ပိုင်းအတွင်း အမြင့် ၃,၆၅၀ မီတာမှ ၁,၀၇၀ မီတာသို့ လျင်မြန်စွာ ထိုးဆင်းခဲ့ပြီးနောက် ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်ရာ သူပုန်တို့သိမ်းပိုက်ထားသော ဟွမ်းစ်မြို့အနီးမှ ဖြတ်ကျော်စဉ် ပစ်ချခံရခြင်းလောဟု ခန့်မှန်းချက်များလည်းထွက်ပေါ်လာခဲ့သည်။
ဆီးရီးယားသတင်းအရင်းအမြစ်နှစ်ခုကမူ လေယာဉ်ပေါ်တွင် သမ္မတ အာဆတ် လိုက်ပါသွားသည်မှာ များစွာဖြစ်နိုင်ကြောင်း ပြောခဲ့ကြသည်။ သို့သော် လေယာဉ်က ရုတ်တရက် ဦးတည်ရာဘက် ပြောင်းပြန် ပြန်ကွေ့ခြင်းနှင့် ရေဒါမှ ပျောက်ကွယ်သွားခြင်းတို့အပေါ် နားမလည်နိုင်ဖြစ်နေကြရကြောင်း သိရသည်။
ထို့အတူ လေယာဉ်ပေါ်၌ ထွက်ပြေးသွားသော သမ္မတ ဟောင်းအာဆတ် လိုက်ပါသွားခြင်း ရှိ မရှိကိုလည်း အတိအကျမပြောနိုင်ကြသေးပေ။
Ref- Times of Israel