၈. ၁၂. ၂၀၂၄
Translated by Thettant
ထိုင်းနိုင်ငံ ဖရာနခွန်စီအယုဒ္ဓယစီရင်စုက ရဲတပ်ဖွဲ့ဟာ ဥထိုင်းခရိုင်၊ နောင်နမ်ဆွမ်ခရိုင်ခွဲက ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ဒီနေ့ တနင်္ဂနွေနေ့ အရုဏ်မတက်မီ ဝင်ရောက်စီးနင်းမှု ပြုလုပ်ခဲ့ကြပါတယ်။
အယုဒ္ဓယ ရဲတပ်ဖွဲ့နှင့် ဥထိုင်းခရိုင်အာဏာပိုင်တွေ ပူးပေါင်းလုပ်ဆောင်တဲ့ ဒီစစ်ဆင်ရေးကြောင့် ထိတ်လန့်တုန်လှုပ်နေတဲ့ တရားမဝင် အလုပ်သမားတွေက ထွက်ပြေးဖို့ကြိုးပမ်းခဲ့ကြရာမှာ အချို့က အိမ်ခေါင်မိုးပေါ်အထိ တက်ပြေးခဲ့ကြတာပါ။
ဒီစစ်ဆင်ရေးမှာ ပတ်စပို့မရှိသူ အမျိုးသား ၂၆ ဦးနဲ့ အမျိုးသမီး ၁၁ ဦး အပါအဝင် မြန်မာနိုင်ငံသား အယောက် ၁၀၀ ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တာပါ။ လက်ရှိမှာတော့ ဖမ်းမိမြန်မာလုပ်သားတွေကို တရားမဝင် ဝင်ရောက်နေထိုင်လုပ်ကိုင်မှုနဲ့ တရားစွဲဆိုမှာဖြစ်ပြီး ဥထိုင်းရဲစခန်းကို လွှဲပြောင်းပေးထားတယ်လို့ သိရပါတယ်။
ကယားနဲ့ထိစပ်နေတဲ့ မယ်ဟောင်ဆောင်ခရိုင်က တောလမ်းကတစ်ဆင့် မြန်မာအလုပ်သမားတွေက ထိုင်းနိုင်ငံဆီ တရားမဝင် ဝင်ရောက်လာတာလို့ Lucky လို့ အမည်ပေးထားတဲ့ အသက် ၃၂ နှစ်အရွယ် မြန်မာအလုပ်သမားတစ်ဦးက သတင်းထောက်များအား ထုတ်ဖော်ပြောဆိုခဲ့ပြီး အလုပ်သမားတစ်ဦးချင်းစီက ခရီးစရိတ်အတွက် ဘတ် ၁၅၀၀၀ ကနေ ၂၀၀၀၀ ကြား ပေးရတယ်လို့ပြောပါတယ်။ အထွေထွေလုပ်သားတွေက တစ်နေ့ ဘတ် ၅၀၀ နဲ့ ကျွမ်းကျင်လုပ်သားတွေက တစ်နေ့ ဘတ် ၆၀၀ ရရှိကြောင်း ရှင်းပြခဲ့သလို မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေက ထိုင်းလို အိမ်နီးချင်းနိုင်ငံတွေဆီမှာ တရားမဝင်လာရောက် အလုပ်ရှာဖွေရခြင်းရဲ့ အဓိကအကြောင်းရင်းလည်းဖြစ်တယ်လို့လည်း Lucky က ထွက်ဆိုခဲ့ပါတယ်။
Ref,Khaosod