MT News
၈. ၁၂. ၂၀၂၄
Bank of China (Hongkong) ရန်ကုန်ဘဏ်ခွဲနှင့် တရုတ်နိုင်ငံကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (CFRD) ရန်ကုန်ရုံးတို့ ပူးတွဲ၍ မြန်မာလူငယ် ၁၀၀ ကို Bank of China ပညာတော်သင်ဆုကို ပေးအပ်ချီးမြှင့်ခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယခုထုတ်ပြန်သည်။
ဒီဇင်ဘာ ၆ ရက်က ကျင်းပခဲ့သော အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးလင်းအောင်၊ Bank of China (Hong Kong) ဒုတိယဥက္ကဋ္ဌ Ms. Li Tong ၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်း၊ CFRD ဒုတိယအတွင်းရေးမှူး Mr. Wang Jun တို့တက်ရောက်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ဆုရကျောင်းသားကျောင်းသူများ စုစုပေါင်း လူ ၁၀၀ ကျော် တက်ရောက်ခဲ့သည်။
သံအမတ်ကြီး Ms. Ma Jia က တရုတ်နိုင်ငံအစိုးရ၊ မြန်မာနိုင်ငံရှိ တရုတ်ကုမ္မဏီနှင့် အဖွဲ့အစည်းများက တရုတ်-မြန်မာနှစ်နိုင်ငံ နယ်ပယ်အသီးသီးမှ ပြည်သူအချင်းချင်း ကူးလူးဖလှယ်မှုကို အင်တိုက်အားတိုက် တိုးမြှင့်၍ ဒေသတွင်းနှင့် ပြည်သူများကိုအကျိုးဖြစ်ထွန်းစေရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံ ကျောင်းသူကျောင်းသားများအား ပညာတော်သင်ဆုများချီးမြှင့်ခြင်း၊ တရုတ်နိုင်ငံသို့သွားရောက် ပညာသင်ကြားရန် အခွင့်အလမ်းများပေးခြင်းနှင့် ကျွမ်းကျင်သော နည်းပညာဆိုင်ရာသင်တန်းများ ကျင်းပပေးခြင်းဖြင့် မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် တည်ဆောက်ရာတွင်
အကျိုးပြုပြီး တရုတ်ပြည်သူများ၏ ချစ်ကြည်ရင်းနှီးမှုကို သယ်ဆောင်လာပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ပြည်သူအချင်းချင်း ကူးလူးဖလှယ်မှုကို ဆက်လက်တိုးမြှင့်ခြင်းမှတစ်ဆင့် တရုတ်-မြန်မာ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းအောင်မြှင့်တင်သွားကာ နှစ်နိုင်ငံပြည်သူများကို ပိုမိုကောင်းမွန်စွာ အကျိုးဖြစ်ထွန်းစေရေးအား လုပ်ဆောင်သွားရန်ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
ထို့အတူ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးလင်းအောင်က တရုတ်နိုင်ငံက မြန်မာနိုင်ငံ ပညာရေးကဏ္ဍ တိုးတက်လာစေရန် ကြိုးပမ်းမှုနှင့် တက္ကသိုလ်ကျောင်းသူကျောင်းသားများ၊ မိဘမဲ့ဂေဟာများနှင့် ဆင်းရဲနွမ်းပါးသောကျောင်းများကို အဆက်မပြတ် ထောက်ပံ့ကူညီမှုအား ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် တရုတ်ကုမ္ပဏီများက လူမှုရေးတာဝန်များကို လက်တွေ့ကျကျထမ်းဆောင်နိုင်ခဲ့ပြီး မြန်မာပြည်သူများ၏ ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးခြင်းခံရကြောင်း ပြောကြားခဲ့သည်။