၈.၁၂. ၂၀၂၄
Translated by Htwe Ko Tun
ဆီးရီးယားနိုင်ငံတွင် အတိုက်အခံသူပုန်အင်အားစုတပ်ဖွဲ့များက ၁၀ ရက်တာကာလအတွင်း မြို့တော် ဒမတ်စကပ်သို့ ဝင်ရောက်လာနိုင်သည်အထိ ထိုးစစ်ဆင်ခဲ့ကြပြီးနောက် ဒီဇင်ဘာလ ၈ ရက်နံနက်တွင်မူ သူပုန်တို့က ဆီးရီးယားသမ္မတ ဘရှာ အာဆတ်မှာ နိုင်ငံမှထွက်ပြေးသွားခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ကြသည်။
သူပုန်တပ်ဖွဲ့များက ၎င်းတို့မှာ ဒီဇင်ဘာလ ၈ ရက် နံနက်အစောပိုင်းတွင် ဒမတ်စကပ်မြို့တွင်းသို့ ဝင်ရောက်လာကြပြီဟု ပြောခဲ့ကြပြီး မြို့တော်နေပြည်သူများက ဗုံးသံ၊သေနတ်သံများကြားနေရကြောင်းလည်း ပြောခဲ့ကြသည်။
သမ္မတ အာဆတ်က ဒီဇင်ဘာလ ၈ ရက်တွင် ဒမတ်စကပ်မှလေယာဉ်နှင့်ထွက်ခွာသွားကြောင်း ဗြိတိန် အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောခဲ့သည်။ အလားတူပင် ဆီးရီးယား စစ်တပ်မှ အဆင့်မြင့်အရာရှိကြီးနှစ်ဦးကလည်း သမ္မတ အာဆတ်သည် ဒီဇင်ဘာလ ၈ ရက်တွင် ဒမတ်စကပ် မှ မည်သည်ဟုမသိသည့်နေရာတစ်ခုသို့ ထွက်ခွာသွားကြောင်း ပြောခဲ့ကြသည်။ အမေရိကန်သမ္မတအိမ်ဖြူတော်ကလည်း အာဆတ် မည်သည့်နေရာတွင်ရှိမည်ကို မသိကြောင်း ပြောခဲ့သည်။
ဆီးရီးယားဝန်ကြီးချုပ် မိုဟာမက် ဂါဇီ ဂျာလီလီက ဆီးရီးယားအစိုးရအနေဖြင့် အတိုက်အခံ အင်အားစုများနှင့် လက်တွဲဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်းနှင့် တာဝန်များကို အသွင်ကူးပြောင်းချိန်ကာလအစိုးရထံ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ၎င်းအနေဖြင့် ရုံးသို့သွားရောက်ကာ တာဝန်များထမ်းဆောင်မှုကို ဒီဇင်ဘာလ ၈ ရက်နံနက်တွင် လုပ်ဆောင်နေကြောင်းနှင့် ဆီးရီးယားပြည်သူတို့အား အများပိုင်ပစ္စည်းများကို မဖျက်ဆီးကြရန်ပြောကြားခဲ့သည်။
ထို့ပြင် ဂျာလီလီက ၎င်းမှာ နေအိမ်တွင်သာရှိကြောင်း၊ မည်သည့်နေရာသို့မှ ထွက်ပြေးမည်မဟုတ်ကြောင်း၊ အကြောင်းမှာ ၎င်းကို ဤနိုင်ငံက ပိုင်ဆိုင်၍ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့ရာတွင် ၎င်းက သမ္မတ အာဆတ် ထွက်ပြေးသွားခဲ့ခြင်းကို ထည့်သွင်းမပြောကြားခဲ့ပေ။
သူပုန်တပ်ဖွဲ့များက ၎င်းတို့မှာ မြို့တော်၏ မြောက်ဘက်ရှိ အမည်ဆိုးဖြင့်လူသိများသော ဆေ့ဒ်နာရာ စစ်အကျဉ်းထောင်သို့ ဝင်ရောက်ခဲ့ပြီး ၎င်းတို့၏ အကျဉ်းသားများကို လွှတ်ပေးခဲ့ကြောင်းလည်း ကြေညာခဲ့သည်။
နိုဝင်ဘာလ ၂၇ ရက်တွင်စတင်ခဲ့သည့် အတိုက်အခံအင်အားစုများတွင် ဆီးရီးယားရှိ အင်အားအကြီးဆုံးသူပုန်တပ်ဖွဲ့ဖြစ်သည့် Hayat Tahrir al Sham(HTS) နှင့် ဆီးရီးယားအမျိုးသားတပ်မတော်ဟု အမည်ပေးထားသော တူရကီ ကျောထောက်နောက်ခံပြုသည့် ဆီးရီးယားပြည်သူ့စစ်အဖွဲ့တို့က ပါဝင်ခဲ့ကြသည်။ ၎င်းတို့နှစ်ဖွဲ့စလုံးက နိုင်ငံအနောက်မြောက်ဘက်တွင် အခိုင်အမာခြေကုပ်ရယူထားခြင်းလည်း ဖြစ်သည်။
အမေရိကန်အစိုးရ အရာရှိသုံးဦးက ဆီးရီးယားနိုင်ငံတွင် ၁၉၇၁ ခုနှစ်က စတင်ခဲ့သော အယ်လ် အာဆတ်မိသားစု၏ စိုးမိုးအုပ်ချုပ်မှု ခေတ်ကာလမှာ ပြီးဆုံးသွားခဲ့ပြီဟုပြောခဲ့ကြသည်။ လက်ရှိ သမ္မတ ဘရှာ အာဆတ် က ၂၀၀၀ ပြည့်နှစ်တွင် ဖခင်ဖြစ်သူထံမှ လွှဲပြောင်းအာဏာရယူခဲ့ခြင်း ဖြစ်သည်။
Ref- CBS