၈.၁၂.၂၀၂၄
Written By Zun
ဆိုင်ကယ်မတော်တဆမှုကြေင့်သေဆုံးခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦး၏ ကျောက်ကပ်တစ်စုံအပါအဝင် ကိုယ်တွင်း အင်္ဂါများအား မဲဆောက်ဆေးရုံကြီးသို့ ဒီဇင်ဘာလ ၆ ရက်က လှူဒါန်းခဲ့ကြောင်း အဆိုပါဆေးရုံကြီး ၏ ထုတ်ပြန်ချက်အရ သိရသည်။
သေဆုံးသူမှာ မြန်မာနိုင်ငံသား အသက် ၄၂ နှစ်အရွယ် ကိုနေဝင်းမောင် ဆိုသူဖြစ်ပြီး ယင်း၏မိသားစုက မဲဆောက်ဆေးရုံသို့ ဒီဇင်ဘာလ ၆ ရက် မွန်းလွဲ ၁ နာရီတွင် ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းခဲ့ကာ တာ့ခ်ခရိုင် မဲဆောက်ဆေးရုံ ပါမောက္ခ ဒေါက်တာ Rames Wongwilairat က ဝမ်းနည်းကြောင်း လက်မှတ်နှင့် လွမ်းသူ့ပန်းခွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုနေဝင်းမောင် ဆိုင်ကယ်မတော်တဆမှု ဖြစ်ပွားသည်ကို ဆေးရုံ၏ ဆရာဝန်များနှင့် သူနာပြုများက အစွမ်းကုန် ကုသပေးခဲ့သော်လည်း လူနာ၏ ဦးနှောက်သေသွားကာအသက်ပြန်ရှင်ရန် မဖြစ်နိုင်တော့ကြောင်း၊ သို့သော် နှလုံးပုံမှန်အတိုင်း အလုပ်လုပ်နေသည့်အတွက် အခြားလူနာများအတွက် အသုံးပြုရန် ကျောက်ကပ် နှစ်ခုအပါအဝင် ကိုယ်တွင်းအင်္ဂါများ မဲဆောက်ဆေးရုံသို့ လှူဒါန်းရန် မိသားစုက တိုင်ပင်ဆွေးနွေး လှူဒါန်းခဲ့ကြောင်း သိရသည်။
ကုသိုလ်ကောင်းမှုပြုသော မိသားစုနှင့် ယင်းကိုယ်တွင်းအင်္ဂါများအား အသုံးပြုခွင့်ရကြမည့် မိသားစုများ စိတ် ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းနှင့် ပြည့်စုံကြကာ ရောဂါဘယများ ကင်းဝေးကြပါစေ၊ ကွယ်လွန်သူလည်း ကောင်းရာဘုံကိုရောက်ပါစေဟု မဲဆောက် ဆေးရုံကြီးက ဆုတောင်းစကားထုတ်ပြန်ထားသည်။