အချိန် ၉ နာရီခန့်ကြာ လောင်ခဲ့သောမီးကြောင့် ကော်ကုန်ကြမ်း တန် ၂၀၀၀ ခန့်နှင့် စက်ရုံ ဆုံးရှုံး

၈.၁၂.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံ(အရှေ့) စက်မှုဇုန်၊ ပြင်စည်မင်းသားကြီးလမ်းရှိ တရုတ်နိုင်ငံသားပိုင် Happy Net City Myanmar ကော်စေ့စက်ရုံတွင် ဒီဇင်ဘာလ ၅ ရက်နေ့က လောင်ကျွမ်းခဲ့သော မီးလောင်မှုမှာ ယာယီသွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုး ပေါက်ပြဲပြီး အပူလွန်ကဲ၍ပေါက်ရာမှ မီးပွားထွက်ကာ ပလပ်စတစ် ဓာတ်ဆီပုံးများပေါ်ကျ၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
” လျှပ်စစ်ဝါယာကြိုးက အပူလွန်ပြီး မီးပွားထွက်တာ။ အဲ့ဒီမီးပွားက ဓာတ်ဆီပုံးပေါ်ကျတော့ မီးလောင်အားက မြန်သွားတာ။ အချိန် ၉နာရီကျော်လောက်ကို ငြှိမ်းလိုက်ရတယ် ။ နောက်တစ်နေ့မနက် ၁၀ နာရီကျော်လောက်မှာတောင် အရင်ငြှိမ်းထားတဲ့နေရာက အောက်ဘက်မှာ မီးခိုးထွက်လာလို့ ရေတွေနဲ့ လိုက်ထိုးချရတယ်”ဟု မီးငြှိမ်းသတ်ရာတွင် ပါဝင်သူ မီးသတ်သမားတစ်ဦးက ပြောသည်။


ဒီဇင်ဘာ ၅ ရက် ညနေ ၆ နာရီကျော်မှ ဒီဇင်ဘာ ၆ ရက် နံနက် ၄ နာရီခန့် အထိ မီးလောင်မှုကြောင့် ကော်ပစ္စည်းအမှိုက်ကုန်ကြမ်းတန်ချိန် ၂၀၀၀ ခန့် မီးလောင်ခဲ့ပြီး အလျား ၇၅ ပေ၊ အနံ ပေ ၁၀၀ ရှိသော သွပ်မိုးသွပ်ကာ အဆောက်အအုံတစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ကော်စေ့စက်ရုံပိုင်ရှင်တရုတ်နိုင်ငံသား အသက် ၄၂နှစ်အရွယ် ဂျိုဇုန်းလီကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ကာ စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။