၇.၁၂.၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့မူဝါဒတွေကို မကြာခဏဆိုသလို စိန်ခေါ်ပြောကြားခဲ့ပြီး အမေရိကန်အနေနဲ့ မြန်မာနိုင်ငံကို ပိတ်ဆို့မှုတွေထက် တွေ့ဆုံဆက်ဆံမှုတွေ ပြုသင့်တယ်လို့ဆိုခဲ့တဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ထင်ရှားကျော်ကြားတဲ့ အနောက်အုပ်စုမှ အကဲဖြတ်ကျွမ်းကျင်သူ ဒေးဗစ် အိုင် စတိန်းဘာ့ဂ် (David I Steinberg) ဟာ အသက် ၉၆ နှစ်အရွယ်မှာ အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၊ ဘီတက်စ်ဒါမြို့မှာ ရှိတဲ့နေအိမ်မှာ ဒီဇင်ဘာလ ၅ ရက်က ကွယ်လွန်ခဲ့ပါတယ်။
သူ့ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သုံးသပ်ပြောကြားမှုလုပ်ငန်းမှာ နှစ် ၇၀ ခန့် ဆောင်ရွက်လာတဲ့ ဒေးဗစ် အိုင် စတိန်းဘာ့ဂ်က မြန်မာနိုင်ငံရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုတို့ကနေတစ်ဆင့် လက်ရှိကာလ နိုင်ငံရေးရွှေ့ကွက်တွေနဲ့ အကျပ်အတည်းအခြေအနေတွေကို ရှုမြင်သုံးသပ်ခဲ့တာပါ။ သူက မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့မှုတွေနဲ့ သံတမန်ရေးအရ အဖက်မတန်သလိုပြုမှုတွေကို တစ်လမ်းသွားမဟာဗျူဟာတွေအဖြစ်ရှုတ်ချခဲ့သူပါ။ ဒီလိုလုပ်ဆောင်မှုက မြန်မာနိုင်ငံအတွက်တော့ အမေရိကန်ရဲ့ ပြိုင်ဘက် တရုတ်နိုင်ငံလို နိုင်ငံတွေဆီက အကူအညီကို မဖြစ်မနေရယူဖို့ဖြစ်လာခဲ့တယ်လို့ ဆိုခဲ့ပါတယ်။
၂၀၀၅ ခုနှစ်တုံးကဆိုရင် မြန်မာဒီမိုကရေစီတက်ကြွလှုပ်ရှားသူတစ်ဦးလို့ဆိုတဲ့ မြင့်သိန်း ကတောင် အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ဆန့်ကျင်တဲ့အတွက် စတိန်းဘာဂ့်ကို မြန်မာစစ်အစိုးရဘက်က ရှေ့နေလိုက်ကာကွယ်ပေးသူ အဖြစ် ဝေဖန်ခဲ့ပါသေးတယ်။
သူက မြန်မာနိုင်ငံအကြောင်းကျွမ်းကျင်သူဆိုတဲ့အနောက်အုပ်စုက ပညာရှင်တွေကြားမှာ မြန်မာနိုင်ငံ အတွင်း ဘုန်းကြီးတွေကစလို့ တပ်မတော်အရာရှိတွေ အပါအဝင် ကုန်သည်တွေအထိ ပုဂ္ဂိုလ်ရေး ရင်းနှီးခင်မင်ဆက်ဆံမှုတွေရှိသူအဖြစ် ထူးခြားပါတယ်။
စတိန်းဘာဂ့် က စာအုပ်တစ်ဒါဇင်ခန့်ရေးခဲ့တဲ့အနက် “Turmoil in Burma; Contested Legitimacies in Myanmar” ဆိုတဲ့စာအုပ်ကို ၂၀၀၆ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။
စတိန်းဘာ့ဂ် မှာ အသက် ၅၈ နှစ်ရှိ ဇနီးသည် သားနှစ်ဦးနဲ့ မြေးနှစ်ဦးကျန်ရစ်ခဲ့ပါတယ်။
Ref- Washington Post