၇.၁၂.၂၀၂၄
Written By Thandar
ရုပ်သံဇာတ်လမ်းတွဲ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပရိသတ်အားပေးမှုရရှိလာတဲ့ သရုပ်ဆောင် အေးချမ်းမောင်ကတော့ ဒီနေ့ ဒီအချိန်ထိ အနုပညာအလုပ်တွေကို အသစ်တစ်ယောက်လို အကောင်းဆုံးကြိုးစားပြီး ကာရိုက်တာပီပြင်အောင်လုပ်တယ်လို့ ဆိုပါတယ်။
“ကျွန်တော်နဲ့ ကိုတိုင်ရွန်နဲ့က သမီးဆိုးမှာလည်း ဆုံခဲ့တယ်။ သမီးဆိုး၊ အရက်စက်ဆုံး အနမ်း၊ အလွှာရယ် ဒီကားထဲမှာ မကစ်နဲ့ရိုက်ထားတဲ့ ဇာတ်ကားတစ်ကားမှာ ဆုံပါသေးတယ်။ လေးကားမြောက် ဆုံကြတာပါ။ ဒီဇာတ်ကားမှာက ကျွန်တော့်အတွက် Challenge ဖြစ်တဲ့ ဇာတ်လေးပါ။ ပုံစံတွေလည်း ပြောင်းရမှာပါ။ သရုပ်ဆောင်ပိုင်းမှာရော ဖက်ရှင်ပိုင်းတွေရော ပြောင်းရမှာပါ။ အသေးစိတ် တချို့ဟာတွေအတွက်လည်း သေချာပြင်ဆင်ဖို့ရှိပါတယ်။ အေးချမ်းမောင်ဆိုတာ အမြဲတမ်းတော့ ကာရိုက်တာ တစ်ခုကို ကျွန်တော်မဟုတ်ဘဲနဲ့ ပြောင်းနိုင်အောင် အမြဲတမ်းတော့ ကြိုးစားနေပါတယ်။ မင်းသူရဆိုတဲ့ ကာရိုက်တာကိုလည်း ဘယ်လိုလုပ်မယ်လို့ ပုံဖော်ထားမှာပါ။ လူတန်းစားတစ်ရပ်နဲ့ တစ်ရပ် မတူဘူး။ ခွဲခြားဆက်ဆံတဲ့ဇာတ်မျိုးမဟုတ်ဘူး။ လူတွေက ကိုယ့်လူတန်းစား ကိုယ့်အလွှာမှာ ဘယ်လိုတွေဖြစ်လဲပေါ့။ ဘယ်လို သုခ ဒုက္ခတွေရှိလဲ၊ ရှိမလဲဆိုတာ ပါပါတယ်။ ကျွန်တော့်အတွက် ဇာတ်ကားတိုင်းမှာတော့ စိန်ခေါ်မှုကရှိပါတယ်။ တစ်ကားနဲ့ တစ်ကားမတူအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ စိန်ခေါ်မှုကတော့ ရှိပါတယ်။ ဒီကားမှာဆိုလည်း မြင်နေကြမဟုတ်တဲ့ပုံစံနဲ့ ခွဲထွက်ဖို့တော့ ကြိုးစားထားတယ်။ ကျွန်တော်က ဒီနေ့ ဒီအချိန်အထိ အသစ်တစ်ယောက်လိုပဲ ခံယူထားတယ်။ ခုထိလည်း အသစ်တစ်ယောက်လိုပါပဲ။ ကိုယ်မလုပ်ဖူးသေးတဲ့ ကာရိုက်တာတွေလည်း ရှိပါတယ်”လို့ သရုပ်ဆောင် အေးချမ်းမောင်က ပြောပါတယ်။
သူကတော့ မင်းသားတိုင်ရွန်နဲ့အတူ သမီးဆိုး၊ အရက်စက်ဆုံး အနမ်း၊ Mini Series ဇာတ်ကားတွေကို ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။ အေးချမ်းမောင်ကတော့ ဒါရိုက်တာ စိုးမိုးမင်းရိုက်ကူးမယ့် “အလွှာ” ရုပ်ရှင်ဇာတ်ကားမှာတော့ တိုင်ရွန်၊ ဟိန်းသီဟ၊ ခြူးလေး၊ မေဂရေ့စ်၊ ထွန်းပုလဲရတနာ၊ ရဲရင့်စည်သူ၊ ဆန်းမင်းဟိန်းထွဋ်တို့နဲ့အတူ ရိုက်ကူးနေလျှက်ရှိပါတယ်။
အေးချမ်းမောင်ကတော့ မကြာခင်ရုံတင်ပြသမယ့် “တိမ်ပန်းချီ” ရုပ်ရှင်ဇာတ်ကားကြီးမှာ မင်းသမီး ဝတ်မှုန်ရွှေရည်နဲ့အတူ ပါဝင်သရုပ်ဆောင်ထားသူလည်းဖြစ်ပါတယ်။ လက်ဦးဆရာ ကိုဂျွန်လွင်ကြောင့် အနုပညာလောကမှာ နေရာတစ်ခုရောက်လာတယ်လို့လည်း ဆိုပါတယ်။