၇. ၁၂. ၂၀၂၄
Translated by Tha Doe
ပင်လယ်ထဲ တစ်လခန့်ကြာမျောပါနေသော မြန်မာငါးဖမ်းသမားလေးဦးကို အိန္ဒိယနိုင်ငံ နာဂပတင်နမ်မြို့အနီးတွင် ကယ်တင်လိုက်နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာစကားသာပြောတတ်သည့် တံငါသည်များသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ဘိုကလေးမြို့မှ ပင်လယ်ပြင်တွင်း ငါးဖမ်းရန် ကျားဖောင်များဖြင့် ထွက်ခွာလာခဲ့ကြရာက ပြင်းထန်သော ရာသီဥတုအခြေအနေကြောင့် ကျောက်ဆူးကျိုးသွားချိန် ၎င်းတို့၏ကျားဖောင်ကို ရေမိုင် ၁၀၀၀ ကျော်ကွာဝေးရာ အိန္ဒိယရေပြင်ထဲသို့ လွင့်ပါမျောစေခဲ့သည်။
ထို့နောက် အိန္ဒိယနိုင်ငံ၏ ပိုင်နက်ပင်လယ်ရေပြင်ကျယ်အတွင်း သုံးပတ်ကျော်ကြာ မျောပါနေခဲ့သည့် မြန်မာငါးဖမ်းသမားလေးဦးကို အိန္ဒိယကမ်းခြေစောင့်တပ်က ကယ်ဆယ်ခဲ့ပြီး တမီလ်နာဒူးရှိ နာဂပတင်နမ်ဆိပ်ကမ်းကို သောကြာနေ့ (ဒီဇင်ဘာ ၆ ရက်၊ ၂၀၂၄) မနက်ပိုင်းက ပို့ဆောင်ခဲ့ပေးခဲ့ခြင်းဖြစ်သည်။
ကယ်ဆယ်ပေးခဲ့သည့် မြန်မာငါးဖမ်းသမားများမှာ ကြည်လူစင် (၅၈)နှစ်(Kyi Lu Cin)၊ အောင်ဆန်းအေး (၂၃)နှစ်(Anug Sanage)၊ ဝင်းဇော်(၄၈)နှစ်နှင့် သန်းစိုး(၄၃)နှစ်တို့ဖြစ်ပြီး အရှည် ၁၀ ပေနှင့် ၁၂ ပေအကျယ် ကျားဖောင်ပေါ်တွင် မျောပါနေသည်ကို တွေ့ရှိခဲ့သည်။
ဘိုကလေးတွင် ရိုးရာငါးဖမ်းနည်းမှာ ကမ်းသို့မပြန်မီ ရက်အတန်ကြာ ကျားဖောင်ပေါ်တွင် တံငါသည်များ နေထိုင်ငါးဖမ်းလေ့ရှိသည်။ သို့သော်လည်း ဤခရီးစဉ်သည် ပင်လယ်ပြင်တွင် အနှောင့်အယှက်များကြောင့် အန္တရာယ်ဖြစ်ခဲ့ပြီးနောက် ပင်လယ်ထဲတွင် စားစရာမရှိဘဲ မျောပါနေရမှုကိုလည်း မြန်မာငါးဖမ်းသမားလေးဦး ရင်ဆိုင်ခဲ့ရသည်။
နာဂပတင်နမ်မြို့မှ ဒေသခံတံငါသည်များသည် ငါးဖမ်းခရီးမှပြန်လာစဉ် ကျားဖောင်ကို သတိပြုမိပြီး အနီးသို့ချဉ်းကပ်လာခဲ့ရာ မြန်မာငါးဖမ်းသမားများသည် အားနည်းပြီး အစာရေစာ ပြတ်လပ်နေသဖြင့် ၎င်းတို့အား အစာကျွေးပြီး အိန္ဒိယကမ်းခြေစောင့်တပ်ထံ သတင်းပို့ခဲ့ရာမှ ကမ်းခြေစောင့်တပ်ဖွဲ့သည် ကယ်ဆယ်ရေးသင်္ဘောတစ်စင်းကို စေလွှတ်ခဲ့ကာ ငါးဖမ်းသမားများနှင့် ၎င်းတို့၏ဖောင်များကို နာဂပတင်နမ် ဆိပ်ကမ်းသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
ကယ်ဆယ်နိုင်ခဲ့သူ မြန်မာငါးဖမ်းသမားများမှာ ယခုအခါတွင် Nagapattinam Marine Police မှ ထိန်းသိမ်းထားကြောင်း၊ ၎င်းတို့ကို ကယ်ဆယ်ပြီးနောက် မြန်မာနှင့်ရင်းနှီးသော ဒေသခံများ၏ အကူအညီဖြင့် ရေကြောင်းရဲတပ်ဖွဲ့မှ ရေလုပ်သားများ၏ အမည်စာရင်းကို အတည်ပြုခဲ့ပြီး ပင်လယ်ပြင်တွင် မျောပါပျောက်ဆုံနေသူများဖြစ်ကြောင်း သိရှိခဲ့ရသလို ယခုအခါတွင် မြန်မာငါးဖမ်းသမားများကို အမိမြေပြန်ပို့ရန်နှင့် လိုအပ်သော စစ်ဆေးမှုများ လုပ်ဆောင်ရန် မြန်မာသံရုံးကို ဆက်သွယ်ကာ သတင်းပေးပို့ထားပြီး ရေလုပ်သားများကိုမူ ချန်နိုင်းမြို့တော်တရားရုံးသို့ ပို့ဆောင်၍ စနေနေ့ (ဒီဇင်ဘာလ ၇ ရက်) တွင် လိုအပ်သည်များကို ဥပဒေအတိုင်း ဆက်လက်စစ်မေးမည်ဖြစ်ကြောင်း ကနဦးသတင်းများတွင် ဖော်ပြထားသည်။
Ref , The Hindu