၇.၁၂.၂၀၂၄
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် မြို့၏ အရှေ့မြောက်ဘက် ရှာဒါရာရပ်ကွက်၌ နံနက်ခင်းလမ်းလျှောက်သူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအား ဆိုင်ကယ်စီးလာသော လူသတ်သမားနှစ်ဦးက ပစ်ခတ်သတ်ဖြတ်သွားခဲ့မှုတစ်ရပ် ဒီဇင်ဘာလ ၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သလို ဂိုဗင်ပူရီရပ်ကွက်၌လည်း သန့်ရှင်းမှုမရှိသောရေအိမ်တစ်ခုနှင့်ပတ်သက်၍ စကားများရန်ဖြစ်ကြရာမှ လူတစ်ဦးဓားနှင့်ထိုးအသတ်ခံရမှုတို့ တစ်ချိန်ထဲလိုလိုဖြစ်ခဲ့ရကြောင်း သိရသည်။
ရှာဒါရာရပ်ကွက်၌ ဖြစ်ခဲ့သော ပထမလူသတ်မှုတွင် အသက် ၅၂ နှစ်အရွယ် ဆူနီလ်ဂျိန်းအမည်ရှိ ပရိဘောဂပစ္စည်းများရောင်းဝယ်သည့် လုပ်ငန်းရှင်မှာ နံနက်ခင်း လမ်းလျှောက်ထွက်အပြီး ၎င်း၏စကူတာဆိုင်ကယ်အငယ်စားလေးဖြင့် အိမ်သို့ပြန်လာစဉ် အနောက်မှလိုက်လာသော မည်သူမည်ဝါမသိရသေးသည့် ဆိုင်ကယ်သမားနှစ်ဦးက ရာမူနာ အားကစားကွင်းအနီးတွင် သေနတ်ဖြင့် ခုနှစ်ချက်၊ ရှစ်ချက်ခန့် ပစ်ခတ်သွားခဲ့ခြင်းဟု သိရသည်။
ဂျိန်းအား ဆေးရုံသို့အမြန်ပို့ပေးခဲ့သော်လည်း ၎င်းမှာဒဏ်ရာများဖြင့်သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။ သေနတ်သမားများက ပစ်ခတ်ပြီးနောက် ထွက်ပြေးသွားကြရာ ရဲတပ်ဖွဲ့က ၎င်းတို့ကို ခြေရာခံလိုက်နေကြောင်း သိရသည်။ ဂျိန်း၏မိသားစုကလည်း ၎င်းမှာ မည်သူနှင့်မှ ရန်ညှိုးရန်စမရှိသလို မည်သည့်ခြိမ်းခြောက်မှုမျိုးမှလည်း မရရှိဖူးကြောင်း ပြောခဲ့သည်။
ဂိုဗင်ပူရီရပ်ကွက်၌ဖြစ်ပွားသော ဒုတိယဖြစ်ရပ်၌လည်း ဘုံသုံးသောအိမ်သာတစ်ခု၏ မသန့်ရှင်းညစ်ပတ်မှုအပေါ် အုပ်စုနှစ်ခုကြား စကားများရန်ဖြစ်ကြရာမှ တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သေဆုံးသူအမည်မှာ ဆူဒီယာဟုသိရ၍ ဓားဖြင့်အချက်ပေါင်းများစွာ အထိုးခံခဲ့ရကာ ၎င်း၏အစ်ကို ပရန်နှင့် သူငယ်ချင် ဆာဂါတို့ကိုလည်း ဓားဒဏ်ရာများဖြင့် ဆေးရုံသို့ တင်ပို့ခဲ့ရသည်။
ထိုအမှုတွင် ကလေးငယ်တစ်ဦးအပါအဝင် လူငါးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားခဲ့ကြောင်း သိရသည်။
Rep- Hindustan Times