၇. ၁၂. ၂၀၂၄
Written by Nyein Kyaw
အိန္ဒိယနိုင်ငံအကူအညီ တစ်နှစ်လျှင် ဒေါ်လာ ၅ သန်းဖြင့် ငါးနှစ်အတွက် ဒေါ်လာ ၂၅ သန်းဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ရန် ဒုတိယအကြိမ် နားလည်မှုစာချွန်လွှာ (MoU) အသစ် လက်မှတ်ရေးထိုးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ သိရသည်။
မြန်မာ-အိန္ဒိယ နယ်စပ်တစ်လျှောက် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပြည်သူများအတွက် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ဆောင်ရွက်နိုင်ရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာကို ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်တွင် စတင်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၌ စီမံကိန်းလုပ်ငန်းများဖြစ်သည့် လမ်း၊ တံတားများဆောက်လုပ်ခြင်း၊ လမ်းအဆင့်မြှင့်တင်ခြင်း၊ စွမ်းအင်၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများ တစ်ကြိမ်လျှင် ဒေါ်လာ ၅ သန်းနှုန်းဖြင့် ငါးကြိမ်အတွက် စုစုပေါင်းဒေါ်လာ ၂၅ သန်းနှုန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် ပဉ္စမအကြိမ် စီမံကိန်းလုပ်ငန်း ၃၈ ခုကို ရာနှုန်းပြည့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား ဒုတိယအကျော့အဖြစ် အိန္ဒိယသမ္မတနိုင်ငံ၏ အကူအညီတစ်နှစ်လျှင် ဒေါ်လာ ၅ သန်းဖြင့် ငါးနှစ်ကာလအတွက် ဒေါ်လာ ၂၅ သန်းဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) အသစ်ကို လက်မှတ်ရေးထိုးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများပြီးစီးမှု အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါ အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး နောက်ထပ်ငါးနှစ်စီမံကိန်း ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ခြင်းဖြစ်သည်။