MT News
Written by Ye Kyaw
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှု၌ ကုန်သွယ်ရေးပိုငွေ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ မျှော်မှန်းထားသော်လည်း ဘဏ္ဍာနှစ်ကုန်ဆုံးရန် သုံးလသာ ကျန်ရှိအချိန်တွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာသန်း ၅၃၀ ခန့်အထိ ဖြစ်ပေါ်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
လက်ရှိဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံရရှိရန်နှင့် သွင်းကုန်တင်သွင်းမှုပမာဏမှာ ၁၄ ဘီလျံရှိမည်ဟု ခန့်မှန်းထားပြီး ကုန်သွယ်ရေးပိုငွေ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံအထိရှိမည်ဖြစ်ကြောင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်တွင် ဖော်ပြထားသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဒီဇင်ဘာလကုန်တွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ပို့ကုန်ပမာဏ ဒေါ်လာ ၁၂ ဒသမ ၄၄၄ ဘီလျံသာတင်ပို့ထားနိုင်ပြီး သွင်းကုန်ပမာဏမှာ ဒေါ်လာ ၁၂ ဒသမ ၉၇၁ ဘီလျံအထိရှိနေသည်။ လက်ရှိဘဏ္ဍာနှစ် ကိုးလတွင် သွင်းကုန်တင်သွင်းမှုမှာ ပို့ကုန်တင်ပို့မှုထက် ဒေါ်လာ ၅၂၇ ဒသမ ၁၈၆ သန်းပို၍များနေခြင်းကြောင့် ကုန်သွယ်ရေးလိုငွေမှာ ဒေါ်လာ ၅၂၇ ဒသမ ၁၈၆ သန်းဖြစ်ပေါ်ခဲ့သည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်သည် ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် ပြီးဆုံးမည်ဖြစ်သဖြင့် သုံးလသာကျန်ရှိတော့သည်။ သို့သော် ယခုဘဏ္ဍာနှစ်အတွက် မျှော်မှန်းထားသည့် ကုန်သွယ်ရေးပိုငွေ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံပြည့်မီရန်မှာ လာမည့်သုံးလအတွင်း လက်ရှိပို့ကုန်တင်ပို့မှုနှုန်းထားထက် ဒေါ်လာ နှစ်ဘီလျံကျော် ပိုမိုရရှိအောင် ဆောင်ရွက်မှသာ ပြည့်မီနိုင်မည်ဖြစ်သည်။