၇.၁၂.၂၀၂၄
Translated by Htwe Ko Tun
အရှေ့အလယ်ပိုင်းဒေသအတွင်း ဂါဇာစစ်မျက်နှာ၊ လက်ဘနွန်စစ်မျက်နှာတို့မှာ စစ်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် အခုအခါ ဆီးရီးယားနိုင်ငံအတွင်း အနောက်အုပ်စုကထောက်ခံတဲ့ အစိုးရဆန့်ကျင်ရေး သူပုန်တပ်ဖွဲ့တွေနဲ့ ဆီးရီးယားအစိုးရတပ်ဖွဲ့တွေအကြား ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားလျက်ရှိရာမှာ သူပုန်တပ်ဖွဲ့တွေက သူတို့ရဲ့ ထိုးစစ်စတင်ခဲ့လို့ နှစ်ပတ်မရှိသေးတဲ့အချိန်မှာ နိုင်ငံရဲ့ အဓိကကျတဲ့မြို့အချို့ကို သိမ်းယူခဲ့ပါတယ်။ ဒီဇင်ဘာလ ၆ ရက်မှာတော့ သူပုန်တပ်ဖွဲ့တွေက ဆီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းရှိ ဒါရာမြို့ကို ထပ်မံသိမ်းယူခဲ့ကြပြန်ပါတယ်။
သူပုန်တပ်ဖွဲ့တွေက ဆီးရီးယားမြောက်ပိုင်းကနေ အဓိကထိုးစစ်ကြီးတစ်ခုကို နိုဝင်ဘာလ ၂၇ ရက်ကစလို့ ပြုလုပ်ခဲ့ကြတာပါ။ အခုဆိုရင် ဆီးရီးယားနိုင်ငံရဲ့ ဒုတိယအကြီးဆုံး အလက်ပိုမြို့၊ ဟာမားမြို့တို့ဟာ သူပုန်တွေရဲ့ လက်အောက်ကိုရောက်ရှိနေရပါတယ်။ သူပုန်တပ်ဖွဲ့တွေက စစ်ရေးမဟာဗျူဟာကျတဲ့ ဟာမားမြို့ကို ပြည်တွင်းစစ်ပွဲကာလ ၁၃ နှစ်အတွင်း ပထမဆုံးအကြိမ် သိမ်းပိုက်နိင်ခဲ့တာက ဆီးရီးယားအစိုးရအတွက် ပြင်းထန်တဲ့တိုက်ခိုက်မှုတစ်ရပ်ဖြစ်ခဲ့ပါတယ်။
သူပုန်တပ်တွေက ဆက်လက်ပြီးတော့ မြို့တော် ဒမတ်စကပ်နဲ့ ၈၇ မိုင်ကျော်ခန့်ဝေးတဲ့ ဟွန်းမ်မြို့ကို ထပ်မံသိမ်းပိုက်နိုင်ဖို့ ထပ်မံကြိုးစားမယ်လို့ ဆိုပါတယ်။ တကယ်လို့များ ဟွန်းမ်မြို့သာ သူပုန်တွေလက်ထဲ ရောက်သွားခဲ့ရင် ဆီးရီးယားအစိုးရအဖို့ ကမ်းရိုးတန်းဒေသနဲ့ အဆက်အသွယ်ပြတ်တောက်သွားရဖွယ်ရှိနေပါတယ်။ ထိုဒေသအတွင်း လာတာကီယာမြို့မှာက ဆီးရီးယားအစိုးရရဲ့မဟာမိတ် ရုရှားရဲ့လေတပ်စခန်းနဲ့ ရေတပ်စခန်းတစ်ခု ရှိနေပါတယ်။
ဆီးရီးယားနိုင်ငံက မြေထဲပင်လယ်ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းမှာတည်ရှိတာပါ။ လူဦးရေ ၂၂ သန်းခန့် ရှိတဲ့ ဒီနိုင်ငံအတွင်း ပဋိပက္ခမှာ တူရကီ၊ အနောက်အင်အားကြီးနိုင်ငံတွေနဲ့ ပင်လယ်ကွေ့ အာရပ်နိုင်ငံတချို့က ဆီးရီးယားနိုင်ငံရဲ့ အတိုက်အခံ အင်အားစုအမျိုးမျိုးကို ပါဝင်စွက်ဖက်မှုအမျိုးမျိုးနဲ့ ဝင်ရောက် ကူညီနေကြပါတယ်။
လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအုပ်စုကလည်း ဆီးရီးယားစစ်တပ်နဲ့အတူ သူပုန်တပ်ဖွဲ့တွေကို ဝင်ရောက်တိုက်ခိုက်နေပါတယ်။ တစ်ခါ အစ္စရေးစစ်တပ်ကလည်း ဆီးရီးယားမှာ အီရန်က စစ်ရေးအရ ခြေကုပ်ယူမှာစိုးလို့ဆိုကာ ဆီးရီးယားအစိုးရတပ်ဖွဲ့တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြန်ပါတယ်။
ဒါကြောင့်လည်း ဆီးရီးယားနိုင်ငံ ပြည်တွင်းစစ်ကလည်း ပြည်ပနိုင်ငံတွေအမျိုးမျိုးပါဝင်ပတ်သက်နေကြတယ်လို့ဆိုရမှာပါ။
Ref- bbc