◾ ယနေ့ ပြည်တွင်းရွှေစျေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သား ကျပ် ၆,၁၁၀,၀၀၀ အထိ ဖြစ်ပေါ်လျက်ရှိပြီး ရည်ညွှန်းဈေးနှုန်းထက် ကျပ် ၇၈၀,၀၀၀ ပိုများနေ
၇. ၁၂. ၂၀၂၄
Written by Nyein Kyaw
နိုင်ငံတော်အဆင့်ဖွဲ့စည်းထားသော ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှ ရွှေရည်ညွှန်းဈေးကို ယမန် နေ့က စတင်သတ်မှတ်ပေးခဲ့ပြီး သတ်မှတ် ရွှေရည်ညွှန်းဈေးနှုန်းအတိုင်း မရောင်းချသည့် ရွှေဆိုင်များအား နိုင်ငံတော်အဆင့် တိုက်ရိုက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ သိရသည်။
ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေး (Market Rate) အား ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီမှ ဒီဇင်ဘာ ၆ ရက်(ယမန်နေ့)တွင် စတင်သတ်မှတ်ပေးခဲ့ခြင်းဖြစ်ပြီး ရွှေသိပ်ဆည်းဆ ၁၉ ဒသမ ၂၅ နှင့် အထက်ရှိသော စံချိန်မီရွှေတစ်ကျပ်သား (၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်) အား ကျပ် ၅,၃၃၀,၀၀၀ ကျပ်ဖြင့် သတ်မှတ်ပေးထားသည်။ ဒီဇင်ဘာ ၇ ရက် (ယနေ့)တွင်လည်း ယမန်နေ့က ဈေးနှုန်းအတိုင်း သတ်မှတ်ထားခြင်းဖြစ်သည်။
“ရည်ညွှန်းဈေးက နေပြည်တော်ကလုပ်တာ။ ရည်ညွှန်းဈေးနဲ့ မရောင်းဘူးဆိုရင် သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းဌာနကနေပြီး ညွှန်ကြားချက်တွေနဲ့ အရေးယူဆောင်ရွက်သွားမယ်။ ဒီတစ်ရက်၊ နှစ်ရက်အတွင်း ရေဒီယိုကလည်းလာမယ်။ တီဗွီကလည်းလာမယ်။ အဲဒါတွေကို သတင်းစာကနေလည်း ကြေညာမယ်။ ဒါကတော့ နိုင်ငံတော်အဆင့် ဈေးနှုန်းသတ်မှတ်ပြီးတော့ နိုင်ငံတော်ကပဲ ကိုင်တွယ်ဖြေရှင်းသွားမယ်ပုံစံ ဖြစ်သွားတယ်။ ကျွန်တော်တို့လည်း ဈေးနှုန်းကို ဈေးကွက်ထဲမှာ ပြန် Share ပေးတဲ့ သဘောပဲရှိတော့တာ” ဟု YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်က MT News သို့ ပြောသည်။
ဝိသမလောဘသမားများနှင့် ပြည်တွင်းပြည်ပ အဖျက်သမားများက လက်ရှိတာဝန်ယူထားသော အစိုးရအား ပြုတ်ကျစေရန် ရည်ရွယ်ချက်ဖြင့် တစ်ဒေါ်လာ ကျပ် ၁၀,၀၀၀ နှင့် ရွှေတစ်ကျပ်သား ကျပ်သိန်း ၁၀၀ အထိ ဆွဲတင်ခဲ့မှုများကြောင့် ပြီးခဲ့သည့် ဩဂုတ်လအတွင်း ပြည်တွင်း၌ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၈၃ သိန်းအထိ မြင့်တက်မှုများရှိခဲ့သည်။
ယင်းအခြေအနေများတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အသင်းအဖွဲ့များက ဖြစ်သင့်ဖြစ်ထိုက်သော ရည်ညွှန်းရွှေဈေးနှုန်းများကို နေ့စဉ်ထုတ်ပေးခဲ့သော်လည်း ပြည်တွင်းရွှေဆိုင်တချို့က ရွှေဝယ်ယူလျှင် ရည်ညွှန်းဈေးဖြင့် ဝယ်ယူပြီး ၎င်းတို့ ရွှေရောင်းချပါက ပြင်ပပေါက်ဈေးများဖြင့် ရောင်းချခဲ့သည့်အပြင် တိကျသည့် ရွှေအရောင်းဘောင်ချာများပင် ထုတ်မပေးခဲ့သည်အထိ ဆောင်ရွက်ခဲ့ကြသည်။
ထို့ကြောင့် နိုင်ငံတော်အဆင့် ရွှေညွှန်းဈေးသတ်မှတ်နိုင်ရန်နှင့် ထိထိရောက်ရောက် အရေးယူနိုင်ရန် ပြည်ထောင်စုအစိုးရ အဖွဲ့က နိုင်ငံတော်အတွင်း ရွှေဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးအတွက် နေ့စဉ် ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးကို တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ သတ်မှတ်ထုတ်ပြန်ရန် “ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ” ကို အောက်တိုဘာလ ၂၄ ရက် ရက်စွဲပါ အမိန်ကြော်ငြာစာအမှတ် (၃၆/၂၀၂၄)ဖြင့် ဖွဲ့စည်းခဲ့ပြီးနောက် ယခုဒီဇင်ဘာ ၆ ရက်(ယမန်နေ့)တွင် စတင်၍ ရွှေရည်ညွှန်းဈေးနှုန်းများကို စတင်သတ်မှတ်ပေးလာခြင်းဖြစ်သည်။
အဆိုပါ “ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ”တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက ဥက္ကဋ္ဌနှင့် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌက ဒုတိဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး သက်ဆိုင်ရာဝန်ကြီး ဌာနများမှ တာဝန်ရှိသူ ၁၅ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
ယနေ့တွင် ပြင်ပဈေးကွက်၌ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၆,၁၁၀,၀၀၀ အထိ ဖြစ်ပေါ်လျက်ရှိပြီး ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းထက် ကျပ် ၇၈၀,၀၀၀ ပိုများနေသည်ကို ပြည်တွင်းရွှေအရောင်းအဝယ်ဈေးကွက်အတွင်းမှ သိရသည်။