၇.၁၂.၂၀၂၄
Written by Hey Mar
ပဲခူးရိုးမတောင်ပေါ်ဒေသက မွေးစားမိဘတွေရဲ့ မုဒိမ်းကျင့်နှိပ်စက်မှုဒဏ်ကြောင့် ကိုယ်အင်္ဂါချို့တဲ့ပျက်စီးရတဲ့အပြင် စိတ်ဒဏ်ရာနဲ့ ကိုယ်တွင်းထိခိုက်ဒဏ်ရာတွေပါ ခံစားနေရတဲ့ အသက်ငါးနှစ်အရွယ် မီးငယ်ရဲ့အမှုကို ခရိုင်ဥပဒေအရာရှိကိုယ်တိုင် လေးလေးနက်နက် ကိုင်တွယ်စစ်ဆေးနေတယ်လို့ မီးငယ်ရဲ့အမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေသူတချို့ထံကနေ သိရပါတယ်။
ချူခြာဘဝပျက်ရတဲ့ ငါးနှစ်အရွယ် သမီးငယ်အတွက် တစ်ဖက်က အမှုမလုပ်ဖို့ခြိမ်းခြောက်ငွေပေးပေမယ့် မိသားစုဝင် အဘိုးဖြစ်သူက အဖြစ်မှန်ပေါ်ပေါက်စေချင်တာကြောင့် တောင်ငူ Save The Trees Rescue Team က သက်ဆိုင်ရာနဲ့ ပူးပေါင်းကူညီနေတာပါ။
အမှုကိုကူညီဆောင်ရွက်ပေးနေတဲ့ အထက်တန်းရှေ့နေ ကိုခိုင်ဇော်ထွန်းက “ရွာအုပ်ချုပ်ရေးမှူးအပါအဝင် သက်သေ လေးဦး စစ်ပြီးသွားပြီ။ လေးကြိမ်မြောက် ရုံးထုတ်ပြီးပြီ။ ထွက်ချက်တွေက ကောင်းတယ်ဆိုတာလောက်ပဲ အမှုအသွားအလာက အဲ့လောက်ပဲ ပြောလို့ရပါသေးတယ် ခင်ဗျ။ ခရိုင်ဥပဒေအရာရှိကိုယ်တိုင် အမှုကို သေသေချာချာ ကိုင်တွယ်နေတာပါ ” လို့ MT News ကို ပြောပါတယ်။
မွေးစားမိဘတွေ နှိပ်စက်မုဒိမ်းကျင့်တာခံရတဲ့ ငါးနှစ်အရွယ်သမီးငယ်က နှိပ်စက်ခံထားရတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေအဖြစ် အသည်း ကျောက်ကပ်နဲ့ အဆုတ် ထိခိုက်ဒဏ်တွေကြောင့် တောင်ငူဆေးရုံကြီးမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ တတိယအပတ်က တက်ရောက်ကုသမှု ခံယူခဲ့ရပါသေးတယ်။
ကျူးလွန်ခံရသူ သမီးငယ်ရဲ့ မျက်မြင်တွေ့ရှိထားတဲ့ ပြင်ပဒဏ်ရာတွေနဲ့ ကလေးရဲ့ ထွက်ဆိုပြောပြချက်တွေက မွေးစားအဖေက အိမ်မှာတစ်ခါ တောထဲမှာတစ်ခါ ပြုကျင့်ကြောင်း၊ ထမင်းခိုးစားလို့ဆိုကာ မျက်နှာကိုဓားနဲ့ ခုတ်ကြောင်း၊ ပါးစပ် ထဲကိုရေနွေးပူလောင်းထည့်ကြောင်း၊ လက်ကို မီးနဲ့ ရှို့ကြောင်း၊ ထမင်းအငတ်ထားကြောင်း၊ မျက်နှာကိုလက်သီးနဲ့ထိုးတာကြောင့် သွားတွေကျိုးပြီး သွားဖုံးတွေကွဲသွားကြောင်းစသဖြင့် ပြောပြပြီး မြင်သာတဲ့ ဒဏ်ရာတွေအပါအဝင် ကလေးမှာ ဒဏ်ရာအမြောက်အများ ရရှိထားတာကို တွေ့မြင်ရတာပါ။
မီးငယ်ရဲ့အမှုကို အုတ်တွင်းရဲစခန်းက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့က အမှုဖွင့်လှစ် စုံစမ်းစစ်ဆေးခဲ့ပြီး ကျူးလွန်သူ မွေးစားမိဘ နှစ်ဦးကို ချက်ချင်းဖမ်းဆီးချုပ်နှောင်ခဲ့သလို ရာဇသတ်ကြီး ပုဒ်မ ၃၄/၁၁၄ နဲ့ ပုဒ်မ ၃၇၆ စတဲ့ အမှုနှစ်ခုနဲ့ စွဲဆိုထားပြီး အုတ်တွင်ခရိုင်တရားရုံးက လက်ခံကြားနာ နေတာလည်း ဖြစ်ပါတယ်။