၇. ၁၂. ၂၀၂၄
Translated by Thettant
၁၉၉၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂျပန်နာမည်ကျော် ရိုမန်းတစ် အချစ်ဇာတ်ကား “Love Letter” မှာ ပါဝင်ခဲ့တဲ့ ဂျပန်မင်းသမီးနဲ့ အဆိုတော် မီဟို နာကာယာမဟာ သူမရဲ့ တိုကျိုကနေအိမ် ရေချိုးကန်ထဲမှာ သောကြာနေ့ (ဒီဇင်ဘာ ၆ ရက်)က သေဆုံးလျက်သား တွေ့ခဲ့ရပါတယ်။
ဂျပန်နိုင်ငံရဲ့ Box Office မှာ အထူးအောင်မြင်ခဲ့တဲ့အပြင် တောင်ကိုရီးယားနိုင်ငံမှာ ဒုတိယကမ္ဘာစစ်အပြီး ပထမဆုံးပြသခဲ့တဲ့ဇာတ်ကားဖြစ်သလို တစ်နှစ်တာအတွင်း ဝင်ငွေအကောင်းဆုံးဇာတ်ကားအဖြစ်ပါ တန်းဝင်ခဲ့တဲ့၊ IMDB 7. 9 အထိ ရခဲ့တဲ့ “Love Letter” ဇာတ်ကားမှာ ရုပ်ရှင်သရုပ်ဆောင်အဖြစ် ပထမဆုံးပွဲဦးထွက်သရုပ်ဆောင်ခွင့်ရခဲ့တဲ့ အဓိက မင်းသမီး မီဟို နာကာယာမဟာ Blue Ribbon Award ဆုကိုပါ ရရှိခဲ့သလို အဆိုတော်အဖြစ်လည်း အချပ်ရေသန်းချီရောင်းချရသူအဖြစ် အောင်မြင်ခဲ့သူပါ။
သေဆုံးချိန်မှာ အသက် ၅၄ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ နာကာယာမရဲ့အေဂျင်စီ ကိုယ်စားလှယ်တစ်ဦးနဲ့ အသိမိတ်ဆွေတစ်ဦးဟာ သူမရဲ့ ကျန်းမာရေးကြောင့် ဖျက်သိမ်းရတဲ့ ဖျော်ဖြေပွဲအပြီး သူမနေအိမ် အလည်လာချိန် အလောင်းကိုတွေ့ရှိခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
နာကာရာမဟာ ရေပြည့်နေတဲ့ ရေချိုးကန်ထဲမှာ ထိုင်လျက်သေဆုံးနေပြီး သူမရဲ့ အိမ်ရှေ့တံခါးကို သော့ခတ်ထားတာပါ။ ဒါပေမဲ့ သတ်ဖြတ်ခံရတာမဖြစ်နိုင်ဘူးလို့ ကနဦးယူဆရပြီး ရဲတပ်ဖွဲ့ကတော့ သူမသေဆုံးရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေဆဲဖြစ်ပါတယ်။
သူမဟာ သေဆုံးခဲ့တဲ့ သောကြာနေ့နှောင်းပိုင်းမှာအိုဆာကာက ခရစ္စမတ်ဖျော်ဖြေပွဲအတွက် ဖျော်ဖြေဖို့ စီစဉ်ထားပေမဲ့လည်း ကျန်းမာရေးပြဿနာတွေကြောင့် ဖျက်သိမ်းတယ်လို့ သူမရဲ့တရားဝင်ဝက်ဘ်ဆိုတ်က ကြေညာခဲ့သလို သူမနောက်ဆုံးဖျော်ဖြေခဲ့တာက ဒီလရဲ့ ပထမဆုံးရက် တနင်္ဂနွေနေ့က တိုကျိုအနီး ယိုကိုဟားမားက ဖျော်ဖြေပွဲတစ်ခုမှာပါ။
“ဒီလို ဖြစ်သွားခဲ့ရတဲ့ ရုတ်တရက် အလှည့်အပြောင်းမှာ တုန်လှုပ်ခြောက်ခြား ဝမ်းနည်းကြေကွဲရပါတယ်။ သူမ သေဆုံးရတဲ့ အကြောင်းရင်းနဲ့ အခြားအသေးစိတ်အချက်အလက်တွေကို လောလောဆယ် စုံစမ်းစစ်ဆေးနေပါတယ်” လို့ သူမရဲ့ အေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။
Ref, Khaosod