၇. ၁၂. ၂၀၂၄
Written by Nyein Kyaw
ဒီဇင်ဘာလအစ၌ပင် ဗဟိုဘဏ်မှ ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များကို အလုံးအရင်းဖြင့် ထုတ်ရောင်းပေးခဲ့ပြီးနောက် တရုတ်ယွမ်များကို သုံးရက်ဆက်တိုက် ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ယခုဒီဇင်ဘာလသည် နှစ်သစ်ကူးရုံးပိတ်ရက်များဖြင့် သွင်းကုန်တင်သွင်းမှုများပြီး နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားလေ့ရှိသောကြောင့် ဗဟိုဘဏ်မှ ဒီဇင်ဘာ ၂ ရက်တွင် ဒေါ်လာ ၃၈ သန်း၊ ထိုင်းဘတ် ၁၀၇ ဒသမ ၄၆၆ သန်းနှင့် တရုတ်ယွမ် ၁ ဒသမ ၄၈၇ သန်း ထုတ်ရောင်းပေးခဲ့ပြီးဖြစ်သည်။ တစ်ရက်အတွင်း ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်တို့ကို တစ်ပြိုင် တည်း ထုတ်ရောင်းပေးခဲ့ခြင်းလည်းဖြစ်သည်။
ထို့နောက် တရုတ်ယွမ်များကို ဒီဇင်ဘာ ၃ ရက်တွင် ၁ ဒသမ ၄၃၇ သန်း၊ ဒီဇင်ဘာ ၄ ရက်တွင် ၁ ဒသမ ၄၈၅ သန်းနှင့် ဒီဇင်ဘာ ၅ ရက်တွင် ၁ ဒသမ ၅၅၂ သန်း ထပ်မံထုတ်ရောင်းပေးခဲ့သည်။ ဒီဇင်ဘာ ၂ ရက်မှ ၅ ရက်အထိ တရုတ်ယွမ်များကို လေးရက်ဆက်တိုက် ထုတ်ရောင်းပေးခဲ့ရာ စုစုပေါင်း တရုတ်ယွမ် ၅ ဒသမ ၉၆၁ သန်းရှိသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်မှ နိုဝင်ဘာလ ၂၉ ရက်အထိ လေးလအတွင်း ဒေါ်လာ ၃၃၅ သန်းကျော်၊ ထိုင်းဘတ် ၁ ဒသမ ၂၇၄ ဘီလျံကျော်နှင့် တရုတ်ယွမ် ၅၆ သန်းခန့်အထိ ထုတ်ရောင်းပေးထားခဲ့သည့်အပြင် ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံ ထုတ်ရောင်းပေးခဲ့ပြီးဖြစ်သည်။
ယင်းကဲ့သို့ ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးခဲ့မှုကြောင့် ဒေါ်လာဈေး ဆွဲတင်မှုများရှိနေသော်လည်း ယနေ့တွင် တစ်ဒေါ်လာ ၄,၄၅၀ ကျပ်၊ ထိုင်းဘတ် တစ်ဘတ် ၁၃၁ ကျပ်နှင့် တရုတ်ယွမ် တစ်ယွမ် ၆၁၆ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိသည်။