၇.၁၂.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ သီရိမင်္ဂလာလမ်းတွင် ယနေ့ ဒီဇင်ဘာလ ၇ ရက် နံနက် ၃ နာရီ ၈ မိနစ်ခန့်က မွေ့ယာပေါ်တွင် Power Bank အားသွင်းရာမှ တိုက်ခန်းမီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
မီးလောင်မှုမှာ ၃ ခန်းတွဲ သုံးထပ်တိုက်၊ ပထမထပ်ရှိ ဘယ်ဘက်ခန်းနှင့် အလယ်ခန်း အခန်းချင်းဆက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မွေ့ယာပေါ်တွင် အားသွင်းထားသော Power Bank ချို့ယွင်း၍ အပူလွန်ကဲကာ မီးစထွက်ရာမှ အိပ်ယာပေါ်သို့ မီးကူးစက်၍ လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
မိနစ် ၃ဝ ခန့်ကြာမြင့်ခဲ့သော မီးလောင်မှုကြောင့် အဆောက်အအုံနှင့်အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
တိုက်ခန်းမီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၄ စီး၊ ရေသယ်ယာဥ် ၂ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၃၇ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် သေဆုံးသူအမျိုးသားကို စမ်းချောင်းမြို့မရဲစခန်းက ပုဒ်မ ၂၈၅၊ ၃၀၄-(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။