◾ လေလံကြမ်းခင်းဈေး ကျပ်ဘီလျံ ၃၀၀ မှ ၂၉၀ သို့လျှော့ချရေး တင်ပြထားချက်ကို ဒီဇင်ဘာလ ၁၈ ရက်တွင် ဆုံးဖြတ်မည်
၇. ၁၂.၂၀၂၄
Written By Zun
တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ်(၅၄)၏ လေလံပွဲကို တရားရုံး၌ လုပ်ဆောင်ပေးရန် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများကတင်ပြထားကြောင်း MT News က စုံစမ်းသိရှိရသည်။
“လုံခြုံရေးကိစ္စနဲ့ ပတ်သက်ပြီး သတင်းထောက်တွေ၊ အပြင်ကလူတွေ၊ စိတ်ဝင်စားတဲ့သူတွေက ဓာတ်ပုံရိုက်တာတွေ အဲဒါတွေက ခြံနဲ့ နီးကပ်နေတယ်။တစ်ယောက်ယောက်က တစ်စုံတစ်ခု လုပ်ဆောင်ခဲ့ရင် ပြဿနာ ပေါ်လာမှာစိုးတဲ့အတွက် လေလံပွဲကို တရားရုံးမှာ လုပ်ပေးပါလို့ သူတို့ဘက်က လျှောက်ထားတယ်။ ဥပဒေမှာက လေလံ လုပ်တဲ့ဟာကို နေရာသတ်မှတ်တာကို တရားရုံးက သတ်မှတ်ပေးလို့ ရတယ်ဆိုတဲ့အကြောင်း ဥပဒေမှာ တွေ့တယ်လို့ သူတို့ဘက်က ပြတယ်”ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက MT News ကို ဒီဇင်ဘာလ ၆ ရက်က ပြောသည်။
ယင်းအပြင် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ်(၅၄) ၏ လေလံကြမ်းခင်းဈေး ကျပ်ဘီလျံ ၃၀၀ မှ ၂၉၀ သို့လျှော့ချရေး တင်ပြထားချက်ကို ဒီဇင်ဘာလ ၁၈ ရက်တွင် ဆုံးဖြတ်မည်ဖြစ်ကြောင်းလည်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းက စုံစမ်း သိရသည်။
ဒုတိယအကြိမ် လေလံမအောင်ခဲ့သည့် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ်(၅၄)၏လေလံကြမ်းခင်းဈေး ကို ကျပ် ဘီလျံ ၃၀၀ မှ ၂၉၀ သို့ လျှော့ချရန် ဦးအောင်ဆန်းဦးဘက်က ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက် တွင် တရားရုံး၌ တင်ပြခဲ့သည့်အပေါ် နိုဝင်ဘာလ ၂၁ ရက်ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ကန့်ကွက်လွှာတင်ခဲ့ကြကာ ဒီဇင်ဘာလ ၂ ရက်က လျှောက်လဲချက် ပေးခဲ့ကြကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်အချိန်လိုသည့်အကြောင်း၊ ဈေးလျှော့မည့်ကိစ္စနှင့်ပတ်သက်၍ ညွှန်ကြားချက်ရရှိမှသာလျှင် ရုံးတော်သို့တင်ပြရန် သင့်လျော်မည် ဖြစ် ကြောင်း၊ နိုဝင်ဘာလ ၂၁ ရက်ရုံးချိန်းတွင် လေလံ ကြမ်းခင်းဈေးကို လျှော့ချရန် ကန့်ကွက်ကြောင်း၊ ကန့်ကွက်ရသည့်အကြောင်းရင်းမှာ တိုင်းဒေသကြီး၏ ကာလတန်ဖိုးများတွင် ၂၀၂၄-၂၀၂၅ မြေရောင်း အခွန်စည်းကြပ်ခွန်များ ယခင်နှစ်ကထက်ပိုများလာခြင်းကြောင့် ယင်းအပေါ်လေလံကြမ်းခင်းဈေး လျှော့ချမည်ဆိုခြင်းမှာ ညီညွတ်မှုမရှိ၍ ဦးအောင်ဆန်းဦးဘက်က လျှောက်ထားချက်ကို ပလပ် ပေးရန် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဘက်က ကန့်ကွက်ထားခဲ့သည်။
“ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့ ရုံးချိန်းမှာကြမ်းခင်းစျေး လျှော့ချတင်ပြထားတာကိုလည်း သူတို့ဘက်က သဘောမတူဘူး။ ၃၀၀ ကနေ မလျှော့ချင်သေးဘူးဆိုတဲ့ သဘောပေါ့။ ဒေါ်အောင်ဆန်းစုကြည်ဆီက ခွင့်ပြု ချက်တစ်စုံတစ်ရာမရရှိဘဲနဲ့ သူတို့ဘက်က လျှော့မယ် ဆိုရင် သူတို့တာဝန်ဖြစ်မယ်ပေါ့လေ။ ဟုတ်ပါတယ်။ အဲဒါကတော့ သူတို့ခေါင်းခံရတဲ့သဘော ဖြစ်သွားမှာစိုးလို့။ အမှန်တကယ်က ရှေ့နေငှားပြီးပြီဆိုရင် ဒီကိစ္စ တွေက ပြီးပြီလေ။ ရှေ့နေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ထဲမှာ ရောက်သွားပြီ။ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုးပြီးပြီလေ။ သူတို့တာဝန်အပြည့်ယူရမှာစိုးရိမ်တဲ့အတွက်လည်း ဖြစ်နိုင်တာပေါ့လေ”ဟု အဆိုပါ နီးစပ်သူက MT News ကို ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့သည့် ခြံအမှတ် ၅၄ ၏ လေလံဈေးနှုန်းကို ယခင်သတ်မှတ်ထားသည့် ကျပ်ငွေ ၃၁၅ ဘီလျံ အစား ကျပ်ဘီလျံ ၃၀၀ ဟုပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
ယင်းနောက်လေလံတင် ထုခွဲရောင်းချရန် ကမာရွတ်ခရိုင်တရားရုံးက ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်တွင် အမိန့် ချမှတ်ခဲ့ပြီးနောက် မတ်လ ၂၀ ရက်က ပထမအကြိမ်လေလံပစ်ခဲ့ရာ ဝယ်ယူသူမရှိခဲ့သောကြောင့် သြဂုတ်လ ၁၅ ရက်က ဒုတိယအကြိမ် လေလံတင်ခဲ့ရာဝယ်ယူမည့်သူမရှိခဲ့ပေ။ သို့သော်လည်း လေလံမအောင်မချင်း လေလံပြုလုပ်နိုင်ကြောင်း ၊ ယင်းနောက် ဈေးနှုန်းလျှော့ချရန် တင်ပြခဲ့ကြောင်း စသော သတင်းများကို MT News က ဖော်ပြခဲ့ပြီးဖြစ်သည်။
အဆိုပါခြံကို အများစုက ခြံအမှတ် (၅၄) ဟု ခေါ်သော်လည်း ခြံအမှတ်မှာ (၅၄/၅၆) ဖြစ်ပြီး ၁ ဒသမ ၉၂၃ ဧက ကျယ်ဝန်းကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည် အမည်ပေါက်ပိုင်ဆိုင်သောခြံဖြစ်ကြောင်း ၊၂၀၂၂ ခုနှစ်တွင် ဦးအောင်ဆန်းဦးကရောင်းချအမွေခွဲရန် အထူးအယူခံတက်၍ တောင်းဆိုခဲ့စဉ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ခြံအမှတ် (၅၄) ၏ ဧရိယာအကျယ်အဝန်းမှာ ၁ ဒသမ ၉၂၃ ဧက (စတုရန်းပေ (၈၃၇၆၅ ဒသမ ၈၈) ပေ အကျယ်အဝန်းရှိကြောင်းလည်း သိရသည်။