◾️လက်ရှိတည်ဆောက်နေသည့် ၆ ထပ်အဆင့်မြင့် သုမင်္ဂလာဈေးကြီးကိုလည်း ပြင်ဦးမြို့၏ စံပြဈေးဖြစ်လာစေရန် ဆောင်ရွက်ရမည်ဟု SAC ဥက္ကဋ္ဌ မှာကြား
၆. ၁၂. ၂၀၂၄
Written by Nyein Kyaw
အမျိုးသားကန်တော်ကြီး ဥယျာဉ်သည် ပြင်ဦးမြို့၏ အထိမ်းအမှတ်နေရာ (Land Mark) တစ်ခု ဖြစ်သဖြင့် ရေရှည်တည်တံ့စေရေးနှင့် ခရီးသွားများ အမြဲမပြတ်လည်ပတ်နိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်နေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောာင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာ ၅ ရက်တွင် ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် သုမင်္ဂလာအဆင့်မြင့်ဈေး တည်ဆောက်ရေး စီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့သည်။
အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ်(၁၀၀)ပြည့် အထိမ်း အမှတ် (၁၇)ကြိမ်မြောက် ပန်းပွဲတော်သို့ လာရောက်အပန်းဖြေကြမည့်သူများ များပြားနိုင်သဖြင့် လိုအပ်သည်များကို ပြည့်စုံစွာ ဆောင်ရွက်ပေးထားရန်လိုကြောင်း၊ အမျိုးသားကန်တော်ကြီး ဥယျာဉ်သည် ပြင်ဦးလွင်မြို့၏ အထိမ်းအမှတ်နေရာ (Land Mark)တစ်ခု ဖြစ်သဖြင့် ရေရှည်တည်တံ့စေရေးနှင့် ခရီးသွားများ အမြဲမပြတ်လည်ပတ်နိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်နေရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ပြင်ဦးလွင်မြို့သည် ပန်းမြို့တော်ဖြစ်သဖြင့် ပန်းပေါင်းစုံများ ရာသီမရွေးဖူးပွင့်နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဒေသပန်းမျိုးများကို ထိန်းသိမ်းခြင်းနှင့် အရောင်အဆင်း၊ အနံ့ကောင်းမွန်ပြီး အရည်အသွေးတိုးတက်အောင် သက်ဆိုင်ရာ သုတေသနအဖွဲ့များက ဆောင်ရွက်သွားရန်လိုသကဲ့သို့ အခြားဒေသမှ ပန်းမျိုးကောင်း၊ မျိုးသန့်များကိုလည်း ဒေသတွင်းအောင်မြင်ဖြစ်ထွန်းစွာဖြင့် ဖူးပွင့်နိုင်ရေး စမ်းသပ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဥယျာဉ်နေရာများ၌သာမက မြို့အတွင်းရှိ လမ်းများ၊ ရပ်ကွက်များအတွင်း၌လည်း သစ်ပင်ပန်းမန်များစိုက်ပျိုး၍ မျက်စိပသာဒဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့နောက် SAC ဥက္ကဋ္ဌက ပြင်ဦးလွင်မြို့၊ သုမင်္ဂလာဈေး(ညံတောဈေး) ၆ ထပ်အဆင့်မြင့် ဈေးသစ်တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်စစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများအားလုံး ပြီးစီးပါက ဈေးဆိုင်ခန်းများ စနစ်တကျဖြစ်စေရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက်သွားရန်လိုပြီး စားသောက်ဆိုင်ခန်းများထားရှိမည့်အထပ်တွင် သန့်ရှင်းမှုရှိစေရေးကို အလေးထားဆောင်ရွက်သွားရန်နှင့် ရေ/မီးစနစ်များ စနစ်တကျရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲရာတွင် Back up စနစ်ကိုပါ ထည့်သွင်းဆောင်ရွက်ရန်လိုကြောင်း မှာကြားခဲ့သည်။
အဆင့်မြင့်ဈေးဖြစ်သည်နှင့်အညီ အသီးအရွက်များ၊အသားငါးများကိုလည်း စနစ်တကျထုပ်ပိုး၍ ရောင်းချသွားရန်လိုကြောင်း။ ယခုအဆင့်မြင့်ဈေးသစ်တည်ဆောက်စေခြင်းသည် ပြင်ဦးလွင်မြို၏ လူနေမှု ထူထပ်လာမှုများ၊ ခရီးသွားလာမှု များပြားလာမှုများနှင့်ကိုက်ညီသည့် အဆင့်မီဈေး တစ်ခုဖြစ်ပေါ်လာစေရန်နှင့် ဒေသထွက်နှင့် အခြေခံသုံးကုန်ပစ္စည်းများကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်းရရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ စံပြဈေးတစ်ခုဖြစ်ရမည်ဖြစ်ကြောင်းဖြင့် SAC ဥက္ကဋ္ဌက မှာကြားသည်။