၆. ၁၂. ၂၀၂၄
Written by Nay Moe
နွားထိုးကြီးမြို့နယ်အတွင်းမှ ကျေးရွာများကို PDF လက်နက်ကိုင်များက Drop Bomb ချ တိုက်ခိုက်၍ ဆရာတော်တစ်ပါးနှင့် ကိုရင်တစ်ပါးအပါအဝင် ၁၁ ဦး ဒဏ်ရာရခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။
ဖြစ်စဥ်များမှာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၁၁ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ကွမ်းအုံကျေးရွာသို့ PDF အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone အသုံးပြုကာ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာရှိ နေအိမ်သုံးလုံး ပျက်စီး ဆုံးရှုံးခဲ့ပြီး ကွမ်းအုံကျေးရွာနေ အရပ်သားပြည်သူများဖြစ်ကြသည့် ဦးသောင်းမင်းစိုး(၄၂)နှစ်၊ ဦးအောင်ဝင်း(၅၃)နှစ်၊ ဦးသန်းဇော်ထွန်း(၄၁)နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်မေဝင်းမောင်(၃၉)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ထားရှိကြောင်း သိရသည်။
အလားတူ နေ့လယ် ၁၂ နာရီခွဲတွင် နွားထိုးကြီးမြို့နယ်၊ လုံးတောကျေးရွာသို့ PDF အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာအနီး ရောက်ရှိနေကြသည့် ဆရာတော် ဥူးအာဒိစ္စ(၄၇)နှစ် (၂၇)ဝါ၊ ရှင်ဝိမလ(၈)နှစ်၊ သမန်းတောကျေးရွာနေ ဦးကျော်သက်ဦး(၄၂)နှစ်၊ လေးရွာဆုံကျေးရွာနေ ဦးကံမြင့်(၄၀)နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်လုံးခိုင်(၄၂)နှစ်၊ သမီးဖြစ်သူ မရွှေစင်ထွန်း(၃)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ထားရှိကြောင်း သိရသည်။
အလားတူ နေ့လယ် ၁၂ နာရီခွဲတွင် နွားထိုးကြီးမြို့နယ်၊ ကန်နှောင်းကျေးရွာနှင့် သမန်းတော ကျေးရွာများသို့ PDF အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကန်နှောင်းကျေးရွာထိပ်ရှိ ဇရပ်အနီးသို့ လက်နက်ကြီး ဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအနီး ရောက်ရှိနေသည့် ကန်နှောင်းကျေးရွာနေ ဦးဝင်းဦး(၅၈)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသ နိုင်ရေး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ။ Drone ဖြင့် တိုက်ခိုက်နေသော နွားထိုးကြီး PDF များနှင့် ထိခိုက်မှုများမြင်ကွင်း (Photo – CJ)