၆.၁၂.၂၀၂၄
Written By Thandar
Thike Satt Entertainment က ပညာပေးဇာတ်လမ်းပုံစံ မြွေအစစ်တွေနဲ့ရိုက်ကူးသွားမယ့် “မြွေညှို့ရှင်” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးမှုကို ယနေ့ ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရား အောင်မြေမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ ဒီဇာတ်လမ်းတွဲကို ဖန်တီးဖြစ်တာကတော့ ပရိသတ်တွေလည်း ရသအပြောင်းအလဲ ခံစားရအောင်ပါ။ အဓိကတော့ ကို မဏ်သိက္ခာက အရင်က ကျွန်တော်တို့အတွက် ဇာတ်လမ်းတွေလည်း အများကြီး ရေးဖူးတယ်။ ကျွန်တော်ပေါက်ခဲ့သလို တွဲဖက်ဒါရိုက်တာအနေနဲ့ လုပ်ခဲ့ဖူးတယ်။ ကျွန်တော်လည်း စိတ်ကူးထားတဲ့ဇာတ်လေးပါ။ သိုက်အဆက်ဇာတ်လမ်းလေးပါ ။ လူ့ပြည်ကိုလာပြီးတော့ သာသနာလာပြုတဲ့ အကြောင်းအရာလေးပေါ့။ အရင်က ကျွန်တော်လည်း ရိုက်ဖူးတဲ့ ဇာတ်လေးတွေပါတယ်။မြွေအစစ်နဲ့ ရိုက်မှာဆိုတော့ လူတွေလည်း စိတ်ဝင်စားမယ်ပေါ့။ တချို့ပညာပေးတွေလည်း ပါပါတယ်။ စာဖတ်အားနည်းတဲ့ သူတွေက လိမ်လို့ရတယ်လေ။ ပညာပေးလေးနဲ့ သိုက်ကလာတဲ့အကြောင်း ပရိသတ်မသိသေးတာလေးလည်း ပါပါတယ်။ ကိုယ်တိုင်လည်း မလုပ်ဖြစ်တာ ၁၀ စုနှစ် တစ်ခုကြာပြီးမှ ပြန်ရိုက်ရတာပေါ့နော်။ အရင်ကဆိုရင် လူကနေ မြွေတို့ နဂါးတို့ ပြောင်းသွားတယ်ဆိုရင် မီးခိုးလုံးကြီးတွေနဲ့ လုပ်ရတာလေ။ အခုတော့ CGI နဲ့သေချာလေးလုပ်ပြသွားဖို့ရှိပါတယ်။ CGI နဲ့ နဂါးကနေ လူပြောင်းသွားတာကို သေချာလေး လေ့လာပြီးတော့ လုပ်ပြသွားဖို့ရှိပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းလေးလည်းဖြစ်မှာပါ။ သိုက်နဲ့ ပတ်သက်ပြီး ပညာပေးပုံစံ ရသလေးခံစားရမှာပါ”လို့ သရုပ်ဆောင် သတ္တိက ပြောပါတယ်။
အဆိုပါ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းပိုင်းကိုတော့ မဏ်သိက္ခာက ရေးသားထားပြီး Art Director အံ့သစ် ကျော်၊ ဒါရိုက်တာ မင်းထက်ကျော်က မြွေလိမ္မာတွေ အဓိကအသုံးပြုပြီး CGI တွေနဲ့ အပိုင်း ၁၀ ပိုင်းစာ အကောင်းဆုံး ပုံဖော်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ သတ္တိ၊ မင်းထက်ကျော်၊ နေမင်းခ၊ အံ့သစ်ကျော်၊ မှူးသခင်၊ ကြယ်စင်ရှိုင်း၊ နော်အဲလ်လီ၊ မီမီအောင်၊ ချစ်ခွန်းယံ၊ ယွန်းပွင့်ဖြူ၊ အောင်ကောင်းဆက်၊ အံ့ဘုန်းသစ်၊ ဝဏ္ဏမင်း၊ ကျော်ဇေယျ၊ နေထူးအောင်၊ အေးအေးသင်း၊ ရတနာခိုင်၊ နန်းအမရာ၊ ရွှေမိုး၊ ရွှေတိုး၊ သီသီဆွေ၊ ဂျင်နေလင်း၊ ဗလကြီးနဲ့ အနုပညာရှင်များစွာအပြင် မြွေဆရာပုဏ္ဏား(ခ)ကိုတင်ထွန်းနဲ့ မြွေလိမ္မာကြီးတွေ ပါဝင်ကြမှာလည်း ဖြစ်ပါတယ်။