MT News
၆. ၁၂. ၂၀၂၄
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများကို ထိုင်းအစိုးရက ၄ နှစ် သက်တမ်းတိုးလုပ်ငန်းစဥ်အတွက် လုပ်ဆောင်ပေးရာတွင် မြန်မာသံရုံးကို ပေးဆောင်ရမည်ဟုဆိုကာ အေဂျင်စီအချို့က စလစ်ကြေး ဘတ် ၁၈၀၀ ကောက်ခံနေခြင်းမှာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ကောက်ခံခြင်းမဟုတ်ကြောင်း ယနေ့တွင် အသိပေးချက် ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံအစိုးရအဖွဲ့၏ ၂၄-၉-၂၀၂၄ ရက်နေ့ ထုတ်ပြန်ချက်အရ “MOU လုပ်သားများကဲ့သို့ ၁၃-၂-၂၀၂၅ ရက်နေ့အထိ အလုပ်လုပ်ကိုင်ခွင့်ပြုထားသည့် နိုင်ငံကူးလက်မှတ် (Passport – စာအုပ်အနီ) ၊ သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI – စာအုပ်အစိမ်း) ကိုင်ဆောင်ထားသော လုပ်သားများအား ထိုင်းနိုင်ငံအတွင်း ( ၂ ) နှစ် သက်တမ်းရှိသည့် ယာယီ နေထိုင်အလုပ်လုပ်ကိုင်ခွင့်ပြုချက်ကို လျှောက်ထားနိုင်ကြောင်း၊ ဆက်လက်၍ ( ၂ ) နှစ် သက်တမ်းတိုးခွင့်ရှိပြီး စုစုပေါင်း ( ၄ ) နှစ် ခွင့်ပြုမည်ဖြစ်ကြောင်း” သိရှိရသည်။ အထက်ပါလုပ်ငန်းစဉ်ကို ဆောင်ရွက်နိုင်ရေးအတွက် အချို့သော အေဂျင်စီများ၏ ဖော်ပြချက်တွင် “မြန်မာသံရုံးသို့ စလစ်ကြေး ၁၈၀၀ ဘတ်” ဟု ဖော်ပြနေကြကြောင်း တွေ့ရှိရသည်။ အဆိုပါ ဘတ် ၁၈၀၀ ကို မြန်မာသံရုံး (ဗန်ကောက်) သည်လည်းကောင်း၊ ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်) သည်လည်းကောင်း၊ အလုပ်သမားသံမှူးရုံး (ဗန်ကောက်) သည်လည်းကောင်း ဤလုပ်ငန်းစဉ်အတွက် ငွေကြေးကောက်ခံရန်မရှိ (မရှိ) ကြောင်း၊ မြန်မာလုပ်သားများအနေဖြင့် ထိုင်းနိုင်ငံ၊ သက်ဆိုင်ရာဌာနများ၏ လမ်းညွှန်မှုနှင့်အညီ ဆက်လက်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထားသည်။
ထို့အတူ ၂% အခွန်ကောက်ခံခြင်းနှင့် ပတ်သက်၍ သီးသန့်ကောက်ခံခြင်းမပြုဘဲ နိုင်ငံကူးလက်မှတ်နှင့် CI စာအုပ်အသစ်လဲလှယ်ချိန်တွင်သာ သတ်မှတ်နှုန်းထားများအတိုင်း ဗန်ကောက်ဘဏ်နှင့် 7/11 ဆိုင်များသို့ တိုက်ရိုက်ငွေပေးသွင်းရမည်ဖြစ်ပြီး၊ ပေးသွင်းပြေစာပြသ၍ စာအုပ်များ ပြုလုပ်ရမည်ဖြစ်ကြောင်းနှင့် သက်တမ်းကုန်ခါနီးဖြစ်သော CI စာအုပ်များအား အသစ်ပြုလုပ်ပေးနိုင်ရေးလုပ်ငန်းစဉ် စတင်နိုင်ရန်အတွက် ထိုင်းနိုင်ငံ၏ အလုပ်သမားဦးစီးဌာနနှင့် ညှိနှိုင်းထားရှိပြီးဖြစ်ကြောင်းလည်း မြန်မာသံရုံးက ပြောသည်။
အလားတူ အထောက်အထားမရှိသော မြန်မာလုပ်သားများ (နိုင်ငံကူးလက်မှတ်နှင့် CI မရှိသူများ) အတွက် ထိုင်းနိုင်ငံမှ ပန်းရောင်ကတ်ထုတ်ပေးရေးလုပ်ငန်းစဉ်ဆောင်ရွက်ချိန်တွင် ယခင်နှစ်များကဲ့သို့ CI စာအုပ်ကိုပါ ပူးတွဲထုတ်ပေးနိုင်ရေး စီစဉ်သွားမည်ဖြစ်ကြောင်းနှင့် အကျိုးဆောင်အေဂျင်စီများအနေဖြင့် မရှင်းလင်းပါက မြန်မာသံရုံး၊ ကောင်စစ်ဌာနသို့ လာရောက်၊ သို့မဟုတ် ဆက်သွယ်မေးမြန်းနိုင်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထားသည်။