၆. ၁၂. ၂၀၂၄
Written by Nay Moe
ပေါင်းတည်မြို့နယ်၊ ဆင်လူးအုပ်စု အုပ်ချုပ်ရေးမှူးနှင့် သားဖြစ်သူကို နှစ်လောင်းပြိုင် ပစ်ခတ် သတ်ဖြတ်လိုက်ကြောင်းကို သတ်ဖြတ်လိုက်သည့် NUG လက်အောက်ခံ ပေါင်းတည် PDF အဖွဲ့က ယနေ့တွင် ဝန်ခံချက် ထုတ်ပြန်လာသည်။
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ဆင်လူးအုပ်စု အုပ်ချုပ်ရေးမှူးဦးခင်ထွဋ်နှင့် သားဖြစ်သူ ကိုအောင်ဇော်ထွဋ်တို့အား ပြည်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ (PPDF) တပ်ရင်း တပ်ခွဲ(၅)မှ ဒီဇင်ဘာ ၃ ရက် ည ၈ နာရီခွဲအချိန်ခန့်တွင် သားအဖနှစ်ဦးကို ရွာလှကျေးရွာ နေအိမ်သို့ သွားရောက်ပစ်ခတ် သတ်ဖြတ်ရာ နှစ်ဦးစလုံးမှာ နေရာတင် ပွဲခြင်းပြီး သေဆုံးသွားခဲ့သည်ဟု ပေါင်းတည် PDF က ဝန်ခံထားသည်။
ဦးခင်ထွဋ်သည် ၂၀၂၁ နွေဦးဖြစ်စဥ်ကြောင့် ပထမအုပ်ချုပ်ရေးမှူး နုတ်ထွက်စာတင်ပြီးနောက် ဆင်လူးအုပ်စု၌ အုပ်ချုပ်ရေးလုပ်မည့်လူမရှိပါက ၎င်းလုပ်မည်ဟုကြွေးကြော်လုပ်ကိုင်ပြီး အုပ်ချုပ်ရေးမှူးဖြစ်သည့်အချိန်ကာလတွင် “ကြိုက်တဲ့ PDF တွေလာခဲ့ “ဟုကြိမ်းမောင်းခဲ့ခြင်း၊ ဆင်လူးအုပ်စုအတွင်း PDF များနှင့် ဆက်သွယ်သူများ ဖမ်းဆီးခြင်း၊ စစ်သားစုဆောင်းပေးခြင်း၊ သန်းခေါင်စာရင်း ကောက်ရာတွင်လည်း သားအဖနှစ်ဦး ကောက်ခံခြင်း၊ ဦးခင်ထွဋ် ကို ပေါင်းတည် PDF အဓိက သတ်ဖြတ်ချိန် သားဖြစ်သူ ကိုအောင်ဇော်ထွဋ်က PDF များ၏ သေနတ်ကို ဝင်ရောက်လုယူမှုကြောင့် သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်းလည်း ပေါင်းတည် PDF က ကျုးလွန်မှုအပေါ် ဆင်ခြေပေးသည်။
ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြားကို PDF တို့က လုပ်ကြံ သတ်ဖြတ်မှုများသည့်တိုင်းတစ်ခုဖြစ်သော်လည်း ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။ ထို့အတူ နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၈၀၀၀ ကျော်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှု ခံထားရသည်။