MT News
၂၀၂၁ ခုနှစ် အောက်တိုဘာလက စတင်ဖွင့်လှစ်ခဲ့သော်လည်း ဖြတ်သန်းသွားလာခွင့်မပြုခဲ့သည့် စိုက်ပျိုးရေးမှတ်တိုင်အနီးရှိ မြေအောက်လူကူးဥမင်(Underpass) အား ပြည်သူများဖြတ်သန်းသွားလာနိုင်ရန် စတင်ခွင့်ပြုပေးနေပြီဖြစ်ကြောင်း ဇန်နဝါရီ ၈ ရက်တွင် သိရှိရသည်။
”အဝင်မှာ X Ray စက်နဲ့ လက်နက်ပါ မပါစစ်တယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ထိုင်ပြီးစောင့်တယ်။ ဖြတ်သွားဖြတ်လာတွေရှိနေပြီ။ အထဲမှာ CCTV တွေရှိတယ်။ ဓာတ်ပုံရိုက်နေကြသူတွေလည်း ရှိတယ်” ဟု အဆိုပါ မြေအောက်လူကူးဥမင်ကို ဖြတ်ကူးခဲ့သူတစ်ဦးက MT News သို့ ပြောသည်။
ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်၊ ပြည်လမ်း၊ စိုက်ပျိုးရေးမှတ်တိုင်အနီးရှိ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ပညာရေးလေ့ကျင့်ရေးကျောင်း၊ ကမာရွတ်(TTC)၊Junction square၊ Time City အပြင် ပြည်တွင်းစီးပွားရေးလုပ်ငန်း ကုမ္ပဏီများစွာ တည်ရှိသည့် အဆိုပါနေရာသည် လူသွားလူလာများပြားသည့် နေရာဖြစ်ပြီး ကျပ် ၂ ဒသမ ၂ ဘီလျံဝန်းကျင် အကုန်အကျခံတည်ဆောက်ခဲ့သည်။
လူကူးဥမင်သည် အမြင့် ၁၁ ပေ၊ အကျယ် ပေ ၄၀၊ မြေအောက်အနက် ၁၅ ပေ ၃ညလက်မ ရှိပြီး အလျား ၄၂၇ ပေရှိကာ ဝင်/ထွက်ပေါက် ၄ ခု ပါဝင်ကာ လူဦးရေ ၆၀၀၀ ခန့် ဖြတ်သန်းသွားလာနိုင်သည့်အထိကျယ်ဝန်းသည်။ ထို့ပြင် စက်လှေကား၊ ဓာတ်လှေကားနှင့် ဆိုင်ခန်း ၁၈ ခန်း ပါဝင်တည်ဆောက်ထားပြီး မသန်စွမ်းသူများ သွားလာနိုင်ရန်ပါ စီမံပေးထားကာ အဆိုပါဥမင်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံမြေငလျင်အသင်းတို့ ပါဝင်တည်ဆောက်ခဲ့သည်ဟု သိရသည်။