၆.၁၂.၂၀၂၄
Written By Thandar
ထိုင်းနိုင်ငံထုတ် ကုမ္ပဏီပေါင်း ၁၃၅ ခု ပါဝင်တဲ့ “Thai Expo Yangon 2024” ထိုင်းကုန်စည်ပြပွဲကို ယနေ့ ဒီဇင်ဘာလ ၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်ဝန်းရှိ Yangon Convention Center (YCC) မှာ ကျင်းပခဲ့ရာ နာမည်ကြီး သရုပ်ဆောင် ပိုင်တံခွန်နဲ့ အေးချမ်းမောင်တို့ တက်ရောက်ခဲ့ကြပါတယ်။
ဒီကုန်စည်ပြပွဲကိုတော့ ယနေ့ ဒီဇင်ဘာ ၆ ရက်နေ့ကနေ ၈ ရက်နေ့ထိ ၃ ရက်တိုင် နံနက် ၉ နာရီကနေ ညနေ ၅ နာရီ အထိ ထိုင်းနိုင်ငံထုတ် စားသောက်ကုန်တွေ၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုးတွေနဲ့ ကွန်ဒိုတိုက်ခန်းတွေစတဲ့ ဆိုင်ခန်းပေါင်း ၁၃၅ ခန်းကျော်ကို ပြသရောင်းချသွားမှာဖြစ်ပါတယ်။
အဆိုပါ အခမ်းအနား ဖွင့်ပွဲမှာတော့ မြန်မာနိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်း၊ UMFCCI ဒုတိယ ဥက္ကဋ္ဌ ဦးအေးထွန်း၊ Creation Co,ltd ကိုစိုးလှိုင်၊ ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်တဲ့ ပိုင်တံခွန်နဲ့ အေးချမ်းမောင် စတဲ့ တာဝန်ရှိသူတွေက ထိုင်းရိုးရာအကနဲ့ စတင်ကပြ ဖျော်ဖြေဖွင့်လှစ်ကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။
“မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအနေနဲ့ ဒီလိုမျိုးကုန်စည်ပြပွဲတွေကို အထူးသဖြင့် ကူညီပံ့ပိုး ဆောင်ရွက်နေလျှက်ရှိပါတယ်။ မြန်မာနိုင်ငံမှ ထုတ်ပိုးနည်းပညာတွေနဲ့ ပြည်တွင်းမှာ ပြသနေလို ကိုယ့်နိုင်ငံက ထုတ်ကုန်တွေကိုလည်း ပြည်ပမှာရှိတဲ့ ကုန်စည်ပြပွဲတွေကို ပြသနိုင်ဖို့ ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီလို ကုန်စည်ပြပွဲတွေ ပြုလုပ်ခြင်းအားဖြင့် နှစ်နိုင်ငံအတွက် အခွင့်အလမ်းကောင်းတွေနဲ့ တိုးတက်မှုတွေ ရရှိလာမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်မှုနိုင်ငံက ထိုင်းနိုင်ငံဖြစ်ပါတယ်။ နှစ်နိုင်ငံရဲ့ ကုန်သွယ်မှုတွေကလည်း နှစ်စဉ်တိုးတက်လျှက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ သုံးစွဲနေတဲ့ လူသုံးကုန်တွေ အိမ်သုံးကုန်တွေ တော်တော်များများကို ကြည့်မယ်ဆိုရင် ထိုင်းနိုင်ငံက ပိုများပါတယ်။ ဒီလိုကုန်ပစ္စည်းပြပွဲတွေရှိခြင်းအားဖြင့် မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေ လိုအပ်တဲ့ကုန်ပစ္စည်းတွေကို အလွယ်တကူ ဝယ်ယူနိုင်မှာဖြစ်ပါတယ် ”လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က တာဝန်ရှိသူကပြောပါတယ်။
ဒါ့အပြင် နာမည်ကျော် အနုပညာရှင်များ၊ နယ်ပယ်အသီးသီးက Blogger တွေလည်း နေ့စဥ်လာရောက်ကြမှာဖြစ်ပြီး Fun activities တွေ၊ ထိုင်းအကတွေ၊ ထိုင်းဟင်းလျာ လက်တွေ့ချက်ပြုတ်ပြသမှုတွေစတဲ့ ဖျော်ဖြေရေး အစီအစဥ်ပေါင်းများစွာကိုလည်း ထည့်သွင်းပြီး မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပနေတာဖြစ်ပါတယ်။