MT News
၆. ၁၂. ၂၀၂၄
တိုက်ကြီးမြို့အနီး ဗဟိုပြုပြီး ဇောက်တိမ်၍ အင်အားနည်းပါးသော ငလျင်တစ်ခု ယနေ့လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယခု ထုတ်ပြန်ထားသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့၊ မြန်မာစံတော်ချိန် ၂ နာရီ၊ ၉ မိနစ်၊ ၂၀ စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်ဘက် မိုင် ၃၀ ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း တိုက်ကြီးမြို့၏ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၁၇ ဒသမ ၃၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၁၂ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာ(၆ ဒသမ ၂၁၄ မိုင်) ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
ငလျင်မှာ အင်အားနည်းပါးသော်လည်း ဇောက်တိမ်ပြီး မြေကြီးအောက် ၆ မိုင်ကျော်မှ လှုပ်ခတ်ခြင်းဖြစ်သဖြင့် တိုက်ကြီးမြို့နယ်နှင့် ထိစပ်မြို့နယ်များဖြစ်သော မှော်ဘီ၊ ထောက်ကြံ့ စသည့်မြို့နယ်အချို့လည်း ငလျင်လှုပ်ခတ်မှုကို သိရှိကြကြောင်း လူမှုကွန်ရက်တွင် ရေးသားမှုများ ရှိနေသည်။
ယခု ရက်ပိုင်းအတွင်း ရန်ကုန်တိုင်းက သိရှိခံစားလိုက်ရသော ငလျင် မကြာခဏ လှုပ်ခတ်နေသလို ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက် ညနေ ၅ နာရီ ၃၅ မိနစ်နှင့် ၅ နာရီ ၄၈ မိနစ်ခန့်ကလည်း ကျိုက်လတ်မြို့နယ် အနောက်ဘက် ၃ မိုင်ခန့်အကွာကို ဗဟိုပြု၍ အနက် ၁၀ ကီလိုမီတာအကွာက ပြင်းအား ၄ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ကော့မှူးမြို့နယ်ရှိ ကျိုက်ထော်စေတီ စိန်ဖူးတော် မြေခခဲ့သလို အိမ်နံရံပြိုကျမှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ထို့အတူ ဒီဇင်ဘာ ၁ ရက်နေ့ကလည်း ကြံခင်းမြို့အနီး ဗဟိုပြုပြီး မြေကြီးအောက် ၃၁ မိုင်ခန့်အကွာက ပြင်းအား ၄ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်၍ ရန်ကုန်မြို့နယ်အချို့ပါ ငလျင်လှုပ်ခတ်မှု ခံစားလိုက်ရသည့်ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့သည်။