၆.၁၂. ၂၀၂၄
Written by Shwe Phyo
ထိုင်းနိုင်ငံ၊ ဆာမတ်ဆာခွန်ပြည်နယ် ရဲတပ်ဖွဲ့သည် လူအုပ်အတွင်း သေနတ်ကိုင်ဆောင်ကာ ခြိမ်းခြောက်ပြောဆိုနေသော မြန်မာနိုင်ငံသားတစ်ဦးကို ယမန်နေ့ ဒီဇင်ဘာ ၅ ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း ထိုင်းအခြေစိုက်သတင်းများတွင် ဖော်ပြထားသည်။
ထိုင်းရဲတပ်ဖွဲ့မှ ရဲမှူးကြီး ပိုချက် ချိုင်ဆူဝက် ဦးဆောင်သော ရဲတပ်ဖွဲ့သည် ထိုင်းနိုင်ငံအတွင်း လူအများရှေ့တွင် ရန်စခြိမ်းခြောက်နေသည်ဆိုသော မြန်မာနိုင်ငံသားကို စုံစမ်းရှာဖွေခဲ့ရာ ဒီဇင်ဘာ ၅ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း၊လူအုပ်ထဲတွင် သေနတ်ကိုင်ဆောင်ကာ ရမ်းကားပြောဆိုနေသည့် အသက် ၄၀ အရွယ်ရှိ မြန်မာနိုင်ငံသားကို သေနတ်အပြင် အခြားလက်နက်များနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုင်းရဲတပ်ဖွဲ့က လက်ရှိအချိန်တွင် အောင်နိုင်ဆိုသူကို ရဲစခန်းတွင် ဖမ်းချုပ်ထားပြီး အသေးစိတ်စစ်မေးမြန်းခြင်းများလုပ်ဆောင်နေကြောင်း သိရသည်။
ထိုင်းရဲတပ်ဖွဲ့အနေဖြင့် မြန်မာနိုင်ငံသားအောင်နိုင်ကို ခွင့်ပြုချက်မရှိဘဲ တရားမဝင် သေနတ်နှင့် ကျည်ဆံများကိုင်ဆောင်မှုဖြင့် စွဲချက်တင်သွားဖွယ်ရှိနေသည်။ အောင်နိုင်သည် ထိုင်းနိုင်ငံအတွင်း နေထိုင်နေသော်လည်း တရားဝင်အထောက်အထား စာရွက်စာတမ်းများဖြင့် နေထိုင်နေသူမဟုတ်ကြောင်း သိရသည်။ ထို့အတွက်ကြောင့် ထိုင်းရဲတပ်ဖွဲ့သည် အောင်နိုင်ကို ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်းတရားမဝင်နေထိုင်မှုဖြင့်လည်း စွဲချက်တင်သွားဖွယ်ရှိနေသည်။
အောင်နိုင်သည် ထိုင်းလူအုပ်ထဲတွင် သြဇာရှိသော ဂိုဏ်းခေါင်းဆောင်ပုံစံမျိုး သေနတ်ကိုင်ဆောင်ကာ ပြုမှုနေထိုင်ခဲ့ခြင်းမျိုးဖြစ်ကြောင်း၊ ၎င်းနှင့်အတူ ပါဝင်ဆက်နွှယ်သူများကို စစ်ဆေးဖမ်းဆီးသွားမည်ဖြစ်ကြောင်း ဆာမတ်ဆာခွန်ပြည်နယ် ရဲတပ်ဖွဲ့က ပြောသည်။
Ref , naewna