၆.၁၂. ၂၀၂၄
Written by Shwe Phyo
မြန်မာအာဏာပိုင်များသည် ထိုင်းနိုင်ငံသား လေးဦးအပါအဝင် ငါးဖမ်းသမား ၃၁ ဦးကို ပြန်လည်လွှတ်ပေးလိုက်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။
မြန်မာရေတပ်သည် ပြီးခဲ့သော သီတင်းပတ်အတွင်းက ရနောင်းကမ်းလွန်ရှိ မြန်မာရေပိုင်အတွင်း တရားမဝင် ငါးဝင်ရောက်ဖမ်းဆီးခဲ့သော ထိုင်းငါးဖမ်းလှေကို ပစ်ခတ်ပြီး ငါးဖမ်းသမား ၃၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသော ငါးဖမ်းသမား ၃၁ ဦးထဲတွင် ၄ ဦးက ထိုင်းငါးဖမ်းသမားများဖြစ်ပြီး ထိုင်းဝန်ကြီးချုပ်အပါအဝင် ထိုင်းအစိုးရတာဝန်ရှိသူများက အမြန်ဆုံးပြန်လွှတ်ပေးရန် ပြီးခဲ့သောရက်ပိုင်းတွင် တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။
မြန်မာအစိုးရသည် ထိုင်းငါးဖမ်းသမားများကို ယနေ့ ဒီဇင်ဘာ ၆ ရက်နေ့တွင် ကော့သောင်းမြို့သို့ လွှဲပြောင်းပေးခဲ့ပြီး ကော့သောင်းမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ပြန်လည်လွှဲပြောင်းယူဖွယ်ရှိနေကြောင်း သိရသည်။
အဆိုပါ ထိုင်းနိုင်ငံသားများကို မြန်မာလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များက လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းဆိုင်ရာလုပ်ငန်းများ အပြီးသတ်လုပ်ကိုင်ပြီး လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ထိုင်းရေတပ်က ငါးဖမ်းသမားအားလုံး ကျန်းမာရေးကောင်းမွန်သလို ဘေးကင်းမှုရှိကြောင်း Sor Charoenchai 8 အမည်ရှိ ငါးဖမ်းလှေပေါ်တွင် ရိုက်ကူးထားသောဓာတ်ပုံကို လူမှုကွန်ရက်တွင် မျှဝေခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒီ ဘလန်ကူရာက ထိုင်းကောင်စစ်ဝန်ရုံးသည် ထိုင်းငါးဖမ်းသမားများကို လက်ခံကြိုဆိုရန်အတွက် ရနောင်းမြို့သို့ သွားရောက်ခဲ့ကြောင်း ပြောသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသည် ထိုင်းငါးဖမ်းသမားများ ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး မြန်မာသံအမတ်ကြီးကိုခေါ်ယူကာ ဆွေးနွေးမှုများ ပြီးခဲ့သောရက်ပိုင်းတွင် လုပ်ဆောင်ခဲ့ပြီးနောက် မကြာမီ ထိုင်းငါးဖမ်းသမားအားလုံး ပြန်လွှတ်မြောက်လာခြင်းဖြစ်သည်။
အဆိုပါဖမ်းဆီးခံရသော ငါးဖမ်းလှေပေါ်တွင် မြန်မာနိုင်ငံသား ၂၇ ဦးနှင့် ထိုင်းနိုင်ငံသား ၄ ဦးလိုက်ပါခဲ့ပြီး နိုဝင်ဘာ ၃၀ ရက်နေ့က ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထိုင်းအခြေစိုက်သတင်းများတွင် ဖော်ပြထားသည်။
Ref, thaipbs