၉ . ၁. ၂၀၂၃
Written By Thandar
လက်ရှိ အွန်လိုင်းပေါ်မှာ ကိုယ့်နာမည်နဲ့ ဟာသလုပ် Troll ခံရတော့ ရှက်သလိုလိုနဲ့ စိတ်ထဲတစ်မျိုး တော့ဖြစ်တယ်လို့ သရုပ်ဆောင် ခင်မို့မို့အေးက ပြောပါတယ်။
“နေရာတိုင်းမှာ ခင်မို့မို့အေးဖြစ်နေတာတော့လေ တီတီလုပ်တာမဟုတ်ပါဘူး။ တီတီ လူကြီးဖြစ်တော့ အခုလို Troll ဆော့နေတဲ့ အကုန်လုံးကတော့ တီတီရဲ့ သားသမီးတွေပါပဲ။ သူတို့ရဲ့ စိတ်ပျော်ရွှင်မှုရတယ်ဆိုရင် တီတီ ကျေနပ်ပါတယ်။ ကလေးတွေ တော်တော့်ကို တီတီ အိုက်တင်ပိုင်းကို ရှာထားတာပါ။ တော်တော်ပြူးပြူးပြဲပြဲတွေပေါ့။ ငါဘယ်ကားမှာ အိုက်တင်လုပ်မိပါလိမ့် တော်တော်စဥ်းစားရတယ်။ သူရှာထားတာ အရမ်းတော်တယ်။ ပထမ တီတီက လူကြီးတစ်ယောက်ဖြစ်တော့ ဟာသလေးတွေ Troll ခံရတော့ ရှက်သလိုလိုနဲ့ စိတ်ထဲ တစ်မျိုးတော့ ဖြစ်တယ်။ နောက်ကျတော့ တီတီတို့က သရုပ်ဆောင်ဖြစ်တဲ့အတွက် ကလေးတွေက ကိုယ့်ကို ချစ်လို ဒီလိုလေးတွေလုပ်ကြတယ်။ ပရိသတ်ကိုလည်း တော်တော်လေးကို ပြန်ပြီးတော့ လေးစားပြီး ချစ်ရပါတယ်” လို့ အကယ်ဒမီ ခင်မိုမိုအေးက ပြောပါတယ်။
ပရိသတ်က ချစ်ခင်မှုနဲ့ ခဏခဏ ငါ့ကို ခင်မို့မို့အေး လာလုပ်နေတာလား ဆိုပြီး ပရိသတ်တွေ Troll နေကြတာကိုလည်း အံ့သြမိတယ်လို့ ဆိုပါတယ်။ လက်ရှိတော့ ‘ချစ်မိတော့လည်း ဇွတ်’ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားသူလည်း ဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်း ဇာတ်လမ်းတွဲတွေ ဆက်လက် ရိုက်ကူးသွားမယ်လို့ သိရပါတယ်။
“၂၀၁၉ ခုနှစ်လောက်ကတည်းက တီတီကို အားပေးပြီးတော့ Troll လာတာလေ။ ခုထိအရှိန်က မသေ သေးပါဘူး။ တီတီ မသိတာတွေလည်း အများကြီးပါပဲ။ သူများတွေက ကိုယ့်ပို့ပေးမှ ကြည့်ဖြစ်တယ်။ ကလေးတွေ ပေါက်ပေါက်ရှာရှာ ရှာတတ်ကြပါတယ်။ တီတီ့အနေနဲ့ ပရိသတ်က ကိုယ်ကို မမေ့သွားလို့လည်း ကျေးဇူးတင်ပါတယ် ”လို့ သူမကဆက်လက်ပြောပါတယ်။