၆. ၁၂. ၂၀၂၄
Written by Nay Moe
စစ်သုံပန်းအဖြစ် ဖမ်းဆီးထားသူတစ်ဦးကို ရက်စက်စွာလည်ပင်းခုတ်ဖြတ်သတ်ခဲ့တဲ့ ရေးဘီလူးကို NUG က ခုံရုံးတင် စစ်ဆေးနေပြီလို့ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနဆီက သိရပါတယ်။
“ရေးဘီလူးကို ခုံရုံးတင် စစ်ဆေးမှု ဒီနေ့ စတင်နေပါပြီ”လို့ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဒီမနက်မှာ ပြောလာပေမဲ့ အသေးစိတ်အချက်အလက်တွေတော့ မသိရသေးပါဘူး။
NUG လက်အောက်ခံ အထူးစစ်ဆင်ရေးတပ်ခွဲတစ်ခုဖြစ်ပြီး ရေးမြို့နယ်တစ်ဝိုက်မှာ ကျက်စားတဲ့ ရေးဘီလူး PDF အဖွဲ့က အဖွဲ့ခေါင်းဆောင် ရေးဘီလူးကိုယ်တိုင် အမျိုးသားတစ်ဦးရဲ့ လည်ပင်းကို ဓားနဲ့ခုတ်ပြီး လည်ပင်းဖြတ်နေတဲ့ ရုပ်သံ ( https://t.me/MT_News_Media/49710 ) ဒီဇင်ဘာ ၃ ရက်မှာ ထွက်ပေါ်လာခဲ့ပြီး ဒီရုပ်သံမှာ ရေးဘီလူးဟာ သက်လတ်ပိုင်းအမျိုးသားတစ်ဦးကို တုံးပေါ်တင်ရင်း လည်ပင်းကို ဓားရှည်နဲ့ ဆဲဆိုခုတ်ဖြတ်နေသလို “ငါမိဘတွေ အခုအချိန်အထိ ပြေးနေရတာ”၊ “မင်းတို့ကို ကမ္ဘာအဆုံးထိပဲ”လို့ စသလို မွန်နဲ့ ဗမာစကားတွေနဲ့ တောင်စဥ်ရေမရ ရေရွတ်ရင်း လည်ပင်းကို ခုတ်ဖြတ်နေတာ မြင်ရပါတယ်။
ဒါ့အပြင် ရေးဘီလူးရဲ့ တပည့်တွေကလည်း ရေးဘီလူး လည်ပင်းခုတ်ဖြတ်သတ်လိုက်သူကို လက်တွေ၊ ခြေတွေ ထပ်ခုတ်ဖြတ်တဲ့အပြင် ရင်ကိုခွဲပြီး ကလီစာတွေ ထုတ်ယူပြသနေတာလည်း တွေ့မြင်ရပါတယ်။
လက်နက်မဲ့သူတစ်ဦးကို ဖမ်းဆီးပြီး ရက်ရက်စက်စက်သတ်ဖြတ်တဲ့ NUG လက်အောက်ခံ ရေးဘီလူးရဲ့လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ကြောင်း ဝေဖန်မှုတွေရှိခဲ့သလို ရေးဘီလူးသတ်နေသူကလည်း ရေးမြို့နယ်၊ ကွန်ဒူးကျေးရွာက ဦးဇံမင်း (ခ) ခေါင်းဖြူဆိုသူဖြစ်ပြီး သူ့ကို ရေးဘီလူးက ပျုစောထီး(ပြည်သူ့စစ်) လို့ဆိုကာ ဇွန်လ ၃၀ ရက်မှာ ဖမ်းဆီးပြီး ဇူလိုင် ၁ ရက်မှာ စစ်ဆေးခဲ့မှုကိုလည်း လူမှုကွန်ရက်မှာ ဖော်ပြခဲ့ကာ စစ်ဆေးပြီးနောက်မှာ ရေးဘီလူးကိုယ်တိုင် လည်ပင်းခုတ်ဖြတ်သတ်ခဲ့တာပါ။
ရေးဘီလူးအဖွဲ့ဟာ NUG ရဲ့ အထူးစစ်ဆင်ရေးတပ်ခွဲအဖြစ် ၂၀၂၃ ဒီဇင်ဘာမှာ ပူးပေါင်းခဲ့တာဖြစ်ပြီး လက်နက်မဲ့သူတွေကို ချောင်းမြောင်းပစ်ခတ်လုယက်နေတဲ့ အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဖြစ်သလို NUG က ရေးဘီလူးကို ခုံရုံးတင်စစ်ဆေးနေတယ်ဆိုပေမဲ့ သင်္ကန်းဝတ်နဲ့ လူ ၂၀ ကျော်သတ်ခဲ့တဲ့ ယင်းမာပင် PDF အဖွဲ့ခေါင်းဆောင် သောပါက (ခ)ဗိုလ်သံမဏိကိုတောင် အရေးမယူနိုင်ခဲ့တဲ့အတွက် ရေးဘီလူးကိုလည်း ထိထိရောက်ရောက်အရေးယူနိုင်မယ့် အခြေအနေမရှိဘူးလို့ သုံးသပ်နေကြပါတယ်။