၆.၁၂.၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က ဟောင်ကောင်နဲ့စင်ကာပူတို့မှာ နေထိုင်ခဲ့ပြီး အထက် လွှတ်တော်အမတ်ဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဒေးဗစ်ပါဂျူးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စုရဲ့သံအမတ်ကြီးအဖြစ် ခန့်ထားဖို့ ရွေးချယ်ခဲ့တယ်လို့ လူမှုကွန်ရက်မှာ ကြေညာခဲ့ပါတယ်။
ဒေးဗစ် ပါဂျူးက အသက် ၇၄ နှစ်ရှိပြီး အထက်လွှတ်တော်အမတ်အဖြစ် ၂၀၁၅ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူပါ။ ထရန့်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “အရင် အထက်လွှတ်တော်အမတ်ဟောင်း ဒေးဗစ်ပါဂျူးကို ကျွန်တော့်အစိုးရလက်ထက်မှာ အမေရိကန်ပြည်ထောင်စုရဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ်ခန့်ထားဖို့ ကျွန်တော်ရွေးချယ်ထားတာ ဒီညကြေညာချင်တယ်”လို့ ရေးသားခဲ့ပါတယ်။
ထရန့်က ပါဂျူးဟာ နိုင်ငံတကာ စီးပွားရေးဆိုင်ရာ သက်မွေးဝမ်းကြောင်းမှု အလုပ်ကို နှစ် ၄၀ လုပ်ခဲ့ပြီး အထက် လွှတ်တော်အမတ်ဟောင်းတစ်ဦးလည်းဖြစ်တော့ တရုတ်နဲ့ အမေရိကန်ဆက်ဆံရေးတည်ဆောက်ရာမှာ ကူညီဖို့ အဖိုးတန်တဲ့ ကျွမ်းကျင်မှုရှိသူလို့ အလေးထားပြောခဲ့ပါတယ်။
ဒါ့ပြင် ထရန့်က “ပါဂျူးဟာ စင်ကာပူနဲ့ ဟောင်ကောင်မှာလည်းနေခဲ့တယ်။ အာရှတိုက်နဲ့ တရုတ်တို့မှာလည်း သူ့ရဲ့လုပ်ငန်းအများအပြားလုပ်ခဲ့တယ်။ အထက်လွှတ်တော်မှာ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ကော်မတီမှာလည်း ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့တယ်” လို့ ပြောခဲ့ပါတယ်။
ထရန့်က ဆက်လက်ပြီး “ပါဂျူးက နိုင်ငံခြားဆက်ဆံရေးကော်မတီမှာလည်း တာဝန်ယူခဲ့ရသေးတယ်။ ဒီကော်မတီနှစ်ခုစလုံးမှာ သူက ရီပတ်ဘလစ်ကန်ပါတီရဲ့ တစ်ဦးထဲသော အမတ်အနေနဲ့ ပါဝင်ခဲ့တာ” လို့ ပြောသွားခဲ့ပါတယ်။
“သူက ကျွန်တော့်ရဲ့ ဒေသအတွင်း ငြိမ်းချမ်းရေးတည်ဆောက်ဖို့ မဟာဗျူဟာကို အကောင်အထည်ဖော်ရာမှာ အဓိကကျသူပါ။ တရုတ်ခေါင်းဆောင်တွေနဲ့လည်း အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတွေရှိပါတယ်” လို့လည်း ထည့်သွင်းပြောခဲ့ပါတယ်။
လာမယ့် ဇန်နဝါရီလ ၂၀ ရက်မှာ သမ္မတတာဝန်စတင်ယူမယ့် ဒေါ်နယ်ထရန့်က တရုတ်အစိုးရအနေနဲ့ ဖန်တာနိုင်းလ် ဆေးဝါးတွေ တရားမဝင်ကုန်ကူးတာအပေါ် ထိရောက်တဲ့ ဆောင်ရွက်မှုမလုပ်ခဲ့ရင် တရုတ်နိုင်ငံမှ သွင်းကုန်တွေအပေါ် ၁၀ ရာခိုင်နှုန်း ကုန်သွယ်စည်းကြပ်ခွန် ကောက်ခံဖို့ သန္နိဋ္ဌာန်ချထားပါတယ်။
Ref- SCMP