၆. ၁၂. ၂၀၂၄
Written by Thettant
တရုတ်ကိုးကန့်လက်နက်ကိုင် MNDAA တွေ တိုက်ခိုက်ထိန်းချုပ်ထားတဲ့ အထူးဒေသ(၁) မှာ ရာဇ၀တ်မှုကျူးလွန်သူ ၂၁ ဦးကို မနေ့က ဒီဇင်ဘာ ၅ ရက်မှာ ဥပဒေနဲ့အညီ ပြစ်ဒဏ်ချမှတ်နိုင်ဖို့ အများပြည်သူဆိုင်ရာ စီရင်ချက်ချခြင်းညီလာခံကို လူမြင်ကွင်းမှာကျင်းပခဲ့ပြီး ဒီအထဲက ၇ ဦးကို သေဒဏ်ပေးခဲ့သလို ၆ ဦးကိုတော့ ချက်ချင်းသတ်ဖြတ် ကွပ်မျက်လိုက်တယ်လို့ MNDAA ရဲ့မီဒီယာ ကိုးကန့်သတင်းအေဂျင်စီက ဒီမနက်မှာ အတည်ပြုထုတ်ပြန်လာပါတယ်။
စီရင်ခဲ့တဲ့ ၂၁ ဦးထဲမှာမှ အထူးဒေသ(၁) မှာ ပြန်ပေးဆွဲတာ၊ ငွေညှစ်တာနဲ့ ရည်ရွယ်ချက်ရှိရှိ လူသတ်မှုကြောင့် သံသယရှိသူ ၁၄ ဦးကို အဓိကထား စီရင်ခဲ့တာဖြစ်ပြီး သေဒဏ်ချမှတ်အပြီး ချက်ခြင်းကွပ်မျက်ခံခဲ့ရသူ ၆ ဦးထဲမှာ မိန်းကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားတာ၊ သေနတ်တွေ ဝှက်ထားပြီး လုယက်မှု ကျူးလွန်ဖို့ ကြံစည်တာ စတဲ့ သံသယရှိ ရာဇ၀တ်သားတွေကို အများပြည်သူကိုလည်း လှည့်လည်ပြသခဲ့ပါသေးတယ်။
နံနက် ၈ နာရီအချိန်မှာ အထူးဒေသရဲ့မြို့တော် လောက်ကိုင်မှာ ပြုလုပ်ခဲ့တဲ့ ဒီကွပ်မျက်ပွဲကို MNDAA နိုင်ငံရေးဌာနမှူး ဗိုလ်မှူးချုပ် Mr.Jin Xin ဦးဆောင်ပြီး အထူးဒေသ(၁) ရဲတပ်ဖွဲ့ တတိယရဲမှူး Mr.Zi Xue jin က လူခုနစ်ဦးကို သေဒဏ်စီရင်မှု ဖတ်ပြခဲ့ပါတယ်။
သေဒဏ်စီရင်ခံရသူ တစ်ဦးဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် ချင်းအမျိုးသား Si Di bing (Xi ping) ဟာ မုန်းကိုးခရိုင် မုန်းဘိုဒေသ၊ ပန်ဆိုင်းမြို့၊ Shijie Nursery School မှာ တာဝန်ထမ်းဆောင်စဉ် ကျောင်းမှာ ကလေးသူငယ်အများအပြားကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ နှောင့်ယှက်စော်ကားမှုတွေနဲ့ ဖမ်းခံရပြီး ကျုးလွန်မှုကို ဝန်ခံခဲ့တယ်ပြောပါတယ်။ ဒါ့အပြင် မုန်းကိုးခရိုင်၊ နန်ကျွမ်းဒေသ၊ ချန်ချင်းရှမ်းကျေးရွာအုပ်စု၊ ရှင်းလုံရွာမှာ နေထိုင်သူ အသက် ၅၇ နှစ်အရွယ် ဟန်တရုတ်လူမျိုး Lei Laocai ဟာအသက် ၁၄ နှစ်အောက်သမီးငယ်ကို အချိန်အတော်ကြာ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး ကိုယ်ဝန်ရသွားသည့်တိုင် လိင်ပိုင်းဆိုင်ရာ ဆက်လက်စော်ကားခဲ့သလို Lei Laocai က သက်ဆိုင်ရာ ရာဇဝတ်ကြောင်းအရ ဝန်ခံခဲ့တယ်ပြောပါတယ်။
ဒါ့အပြင် ခိုင်သူ၊ ကျား၊ အသက်၂၃ နှစ်၊ ကချင်လူမျိုး၊ နေစထွန်း၊ ကျား၊ အသက် ၂၉ နှစ်၊ ဗမာလူမျိုး၊ ရန်စု၊ ကျား၊ အသက် ၃၀ နှစ်၊ တအောင်းလူမျိုး၊ ရန်ကြိုလုံ၊ ကျား၊ အသက် ၂၇ နှစ်၊ ဟန်တရုတ်လူမျိုး၊ လျိုခမ်ရှစ်၊ ကျား၊ အသက် ၂၇ နှစ်၊ ဟန်တရုတ်လူမျိုးငါးဦးဟာ သေနတ်နဲ့ ခဲယမ်းကျည်ဆန်တွေ ဝှက်ထားပြီး ဓားပြတိုက်ရန် ကြံစည်မှုနဲ့ သံသယရှိကြောင်း ဝန်ခံခဲ့လို့ ဒီ ၅ ဦးကို ဖမ်းဆီးခဲ့တယ် ဆိုပါတယ်။
ဒီ ၇ ဦးနဲ့ ပတ်သက်ပြီး အထူးဒေသ(၁)တရားရေးဌာန ဒုတိယဌာနမှူး Mr.Yang Wen xiang က ဒီလူတွေဟာ စစ်သားအယောင်ဆောင်ကာ လက်နက်ကိုင် ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုနဲ့ ရည်ရွယ်ချက်ရှိရှိ လူသတ်မှုတို့အပေါ် လူသိရှင်ကြား သေဒဏ်ချမှတ်ခဲ့ပြီး ခြောက်ဦးကို ချက်ချင်းသေဒဏ်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကိုးကန့်တရုတ်လက်နက်ကိုင် MNDAA ဟာ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအပြီးမှာလည်း လောက်ကိုင်မှာလူထုရှေ့မှောက် သေဒဏ်မကြာခဏ ချမှတ်ခဲ့ဖူးပြီး “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ထိန်းချုပ်လိုက်တဲ့ ဟိုပန်ခရိုင်၊ ဟိုပန်မြို့မှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်က လူသတ်မှု ကျူးလွန်သူကို သေဒဏ်ချမှတ်ကာ မုဒိမ်းမှု ကျူးလွန်သူ ၆ ဦးကို တစ်သက်တစ်ကျွန်းနဲ့ ထောင်ဒဏ် ၁၅ နှစ်စီချမှတ်ခဲ့ပါသေးတယ်။
SAC အစိုးရဟာ လူသတ်ဖောက်ခွဲမှု ၁၇၈ မှု ကျူးလွန်တဲ့ ဇေယျာသော်၊ သူ့လိုပဲ ကျုးလွန်သူ ဂျင်မီနဲ့ လှိုင်သာယာမှာ အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ ဖမ်းဆီးရိုက်နှက်လုယက်သတ်ဖြတ်မှုကျုးလွန်တဲ့ ဝက်ကြီး၊ လှမျိုးအောင်တို့ကို သေဒဏ်ချချိန်မှာ ကမ္ဘာက ဝေဖန်မှုခံခဲ့ရပေမဲ့ MNDAA နဲ့ UWSA တို့လုပ်ရပ်ကိုတော့ ကမ္ဘာက မသိကျိုးကျွံပြုနေပြီး ဝေဖန်မှုမရှိပါဘူး။
Ref, The Kokang