၆. ၁၂. ၂၀၂၄
Translated by Tha Doe
ခြောက်နှစ်နီးပါးကြာခွဲခွာနေရပြီး ထိုင်းနိုင်ငံမှာနေထိုင်တဲ့ချစ်သူဆီကို အမေရိကန်ပြည်ထောင်စုကနေ လာရောက်တွေ့ဆုံခဲ့တဲ့ အသက် ၃၃ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးဟာ ဖူးခက်မှာ ချစ်သူနဲ့လည်ပတ်နေချိန် ဓာတ်လိုက်သေဆုံးသွားခဲ့ရရှာတဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ်တစ်ခု မနေ့ညက ဖြစ်ပွားခဲ့ပါတယ်။
ဒီ ဝမ်းနည်းဖွယ်မတော်တဆဖြစ်ရပ်က ကြာသပတေးနေ့ ည ၉ နာရီခွဲအချိန်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ထန်လျန်ခရိုင်၊ သျှက္ကရစထရီခရိုင်ခွဲက ဒွန်ဂျူံးသောင်လမ်းပေါ်မှာရှိတဲ့ ငါးကင်စားသောက်ဆိုင်အနီးမှာ ချစ်သူနဲ့လမ်းလျှောက်လာတဲ့ ကိုသူရကျော်ဟာ မိုးစိုစွတ်နေတဲ့ လူသွားလမ်းပေါ် ချော်လဲတာကြောင့် အနီးက ဓာတ်တိုင်ကို အားပြုဖို့ လှမ်းကိုင်လိုက်ချိန်မှာ ဓာတ်လိုက်သွားခဲ့တာပါ။
ဒါကိုမြင်လိုက်တဲ့ ပျူးလ်ဆိုသူက အမြန်ကူညီကယ်တင်ပေးဖို့ ဆက်သွယ်အကြောင်းကြားတာကြောင့် သျှက္ကရစထရီခရိုင်ခွဲက အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးသမားတွေ ချက်ချင်းရောက်လာပြီး ကိုသူရကျော်ကို အရေးပေါ် အသက်ကယ်တင်နိုင်ဖို့ ကြိုးစားခဲ့ပေမဲ့လည်း ကိုသူရကျော်က ထန်လျန်ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။
သေဆုံးသွားတဲ့ကိုသူရကျော်ရဲ့ ချစ်သူရဲ့ မိတ်ဆွေ နွတ်ခ်ရဲ့ ပြောကြားချက်အရ ကိုသူရကျော်ဟာ ခြောက်နှစ်နီးပါးကြာ ခွဲခွာနေရတဲ့ ချစ်သူနဲ့ တွေ့ဆုံဖို့ လွန်ခဲ့တဲ့ ၅ ရက် ၆ ရက်ခန့်က ထိုင်းနိုင်ငံဆီကို အမေရိကန်ကနေ လာရောက်ပြီး ချစ်သူဆီ ပထမဆုံးသွားရောက်တွေ့ဆုံချိန်မှာ အခုလို မတော်တဆဖြစ်ပြီး ဓာတ်လိုက်သေဆုံးသွားခဲ့တာလို့ ပြောခဲ့ပါတယ်။
ကိုသူရကျော်ဓာတ်လိုက်သေဆုံးခဲ့ရတဲ့ အခင်းဖြစ်ပွားရာနေရာကို ထန်လျန်ခရိုင် လျှပ်စစ်အာဏာပိုင်တွေက သွားရောက်စစ်ဆေးရာမှာ ဓာတ်တိုင်ဟာ ဖူးခက်အဝေးပြေးခရိုင်ရုံးရဲ့ စီမံခန့်ခွဲမှုအောက်က ဓာတ်တိုင်ဖြစ်ပြီး ဓာတ်အားယိုစိမ့်မှုဖြစ်ပွားနေတာကို တွေ့ရှိရတာကြောင့် ဓာတ်တိုင်ကို ယာယီလျှပ်စစ်ဓာတ်အားဖြတ်တောက်ပြီး ပြုပြင်ဖို့ လုပ်ဆောင်နေသလို ဒီဖြစ်ရပ်က အများပြည်သူဘေးကင်းရေးအတွက် ဆိုးရွားတဲ့ဖြစ်ရပ်ဖြစ်စေခဲ့တယ်လို့လည်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
Ref , Khaosod & Thaiger