၆.၁၂.၂၀၂၄
Translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံရဲ့ အာဏာရပါတီဖြစ်တဲ့ People Power Party(PPP) ခေါင်းဆောင် ဟန်ဒုန်ဟွန်က သမ္မတ ယွန်ဆတ်ခ်ယိုလ်အနေနဲ့ အာဏာကျင့်သုံးမှုကို ရပ်ဆိုင်းထားဖို့လိုတယ်လို့ ဒီဇင်ဘာလ ၆ ရက် နံနက်မှာ ပြောကြားခဲ့ပြီး ယွန်က ဖျက်သိမ်းခဲ့ရတဲ့ သူ့ရဲ့ စစ်အုပ်ချုပ်ရေးကြေညာမှုကာလအတွင်း ထင်ရှားတဲ့ နိုင်ငံရေးသမားတွေကို ဖမ်းဆီးဖို့ အမိန့်ပေးခဲ့တယ်လို့ ထုတ်ဖော်သွားခဲ့ပါတယ်။
ယွန်အနေနဲ့ သမ္မတအာဏာကို ဆက်လက်ကိုင်စွဲထားမယ်ဆိုရင် စစ်အုပ်ချုပ်ရေးကို ဖြစ်ကတတ်ဆန်း ကြေညာခဲ့တာမျိုး အစွန်းရောက်လုပ်ရပ်ကို သမ္မတအနေနဲ့ ထပ်မံပြုလုပ်လာနိုင်တယ်လို့လည်း ဟန်ဒုန်ဟွန်က ပြောကြားခဲ့ပါတယ်။
ပါတီရဲ့ အမျိုးသားလွှတ်တော်ခေါင်းဆောင်ပိုင်းတွေ အရေးပေါ်တွေ့ဆုံကြရာမှာ ဟန်က အသစ်ရလာတဲ့ အချက်တွေအရဆိုရင် ကိုရီးယားသမ္မတနိုင်ငံနဲ့ ပြည်သူတွေကို ကာကွယ်ဖို့ သမ္မတ ယွန်ဆတ်ခ်ယိုလ်ကို တာဝန်ကရပ်ဆိုင်းဖို့ မလွဲမသွေ လိုလာပြီလို့ ကျွန်တော်ယုံကြည်တယ်လို့လည်း ပြောကြားသွားပါတယ်။
ဟန်က သမ္မတယွန်ဟာ တန်ပြန်ထောက်လှမ်းရေးတပ်ဖွဲ့တပ်မှူး ယိုအင်ဟွန်းကို အဓိက နိုင်ငံရေးသမားတွေအား နိုင်ငံတော်ဆန့်ကျင်ရေးအဖွဲ့များဟု စွပ်စွဲကာ ဖမ်းဆီးဖို့ ညွှန်ကြားခဲ့တယ်လို့ ဒီဇင်ဘာလ ၅ ရက်တုန်းကလည်း ပြောခဲ့ပါသေးတယ်။
ဒါကြောင့် ယွန် သမ္မတအဖြစ် ဆက်တာဝန်ယူရင် ခုလို အစွန်းရောက်လုပ်ရပ်တွေ ခဏခဏလုပ်ပြီး နိုင်ငံအတွက် အန္တရာယ်ကြီးစွာကျရောက်မှာစိုးရိမ်မိတယ်လို့ ဟန်က ပြောခဲ့ပါတယ်။
ဟန်ရဲ့ ပြောကြားချက်တွေအရ သူ့အနေနဲ့ ဒီဇင်ဘာလ ၇ ရက်မှာ အတိုက်အခံတွေဦးဆောင်တဲ့ သမ္မတ ယွန်ကို အယုံအကြည်မရှိအဆို လွှတ်တော်၌မဲခွဲရာမှာ ထောက်ခံသွားလိမ့်မယ်လို့ ယူဆရပါတယ်။ ဒီအဆိုကိုအတည်ပြုနိုင်ဖို့ အမျိုးသားလွှတ်တော်မှာ မဲခွဲရာမှာ အာဏာရပါတီ PPP ရဲ့ လွှတ်တော်အမတ်ရှစ်ဦး ထောက်ခံချက် အနည်းဆုံးလိုအပ်ပါတယ်။
Ref- Yonhap