MT News
၆. ၁၂. ၂၀၂၄
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်က ကြို့ပင်ကောက်မြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်က အမျိုးသားနှစ်ဦးကို NUG ဩဇာခံ PDF တွေက သေနတ်နဲ့ပစ်သတ်လို့ သေဆုံးသွားရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
ဖြစ်စဥ်က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်မှာ ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ဈေးချိုမြောက်ရပ်ကွက်ရှိ ဖြိုးသုခစိုက်ပျိုးရေးဆေးဆိုင်မှာ သေနတ်နဲ့ပစ်ခတ်ခံရလို့ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာမှာ ကြို့ပင်ကောက်မြို့နယ်၊ သဲကုန်းရပ်ကွက်နေ ဦးအောင်ထွန်း(၄၆)နှစ်ဟာ သူပိုင်ဆိုင်တဲ့ ဖြိုးသုခစိုက်ပျိုးရေးဆေးဆိုင်အတွင်းရှိနေချိန် PDF တစ်ဦးရောက်ရှိလာပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့လို့ ကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူ ညနေ ၄ နာရီ ၄၅ မိနစ်မှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ် တိုက်နယ်ဆေးရုံဆီ ကျည်ထိမှန်ဒဏ်ရာများစွာနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာမှာ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အမှတ်(၁)ရပ်ကွက်နေ ဦးဇေယျာအောင်(၄၀)နှစ်ဟာ နေအိမ်ကနေ အထက်လူလေ ကျေးရွာ သွားရောက်ချိန် အထက်လူလေကျေးရွာ သုသာန်အနီးအရောက် PDF အဖွဲ့ (အင်အားစိစစ်ဆဲ)က သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့လို့ ကျည်ထိမှန်ဒဏ်ရာများစွာရရှိကာ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။
ဒီနှစ်ဦး သတ်ဖြတ်ခံရတဲ့အထဲ ဦးအောင်ထွန်းကို သတ်ဖြတ်တာက သာယာဝတီခရိုင်၊ တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ (၁) Dragon Brothers (GBK – PDF) အဖွဲ့ဖြစ်တယ်လို့ MT News က ဒီဇင်ဘာ ၃ ရက်မှာ သတင်းဖော်ပြထားပြီး (https://t.me/ MT_News_Media/49781?single) ဖြစ်ပါတယ်။