MT News
၅. ၁၂. ၂၀၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ ဒဂုံအရှေ့စက်မှုဇုန်၊ ပြင်စည်မင်းသားကြီးလမ်းမှာ ဒီဇင်ဘာ ၅ ရက် ညနေ ၆ နာရီ ၅၇ မိနစ်ခန့်က ကော်စေ့စက်ရုံတစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
အဆိုပါ မီးလောင်ရာသို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်တွေက Level-1 ယာဉ်အုပ်စုနဲ့ ငြိမ်းသတ်ခဲ့ရာမှာ ည ၈ နာရီ ၁၇ မိနစ်ခန့်အချိန် မီးထိန်းနိုင်ခဲ့ပြီလို့ မီးသတ်ဦးစီးဌာနက ကနဦး ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ မြေပြင်အခြေအနေအရတော့ မီးကြွင်းမီးကျန်ငြှိမ်းသတ်နေချိန် ည ၉ နာရီ ၂၁ မိနစ်ခန့်မှာ လောင်စာအားကောင်းတာ၊ လေတိုက်အားကောင်းတာကြောင့် တစ်ကျော့ပြန် မီးထပ်လောင်လို့ Level-2 ယာဥ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရတယ်လို့ မီးလောင်ပြင်ရောက်မီးသတ်သမားတစ်ဦးက ဖွင့်ဟမှုအရ သိရပါတယ်။
“ကော်စေ့စက်ရုံဆိုတော့ ကော်တွေက အရည်ပျော်လည်း လောင်နေတာပဲ။ သူအရည်စီးရာလျှောက်လောင်ပြီး မီးများလွန်းနေတော့ ကပ်လို့ကို မရဖြစ်နေတာ။ စက်ရုံထဲမှာကလည်း ကော်ကုန်ကြမ်းတွေက တစ်ဝင်းလုံးလိုလိုဖြစ်နေတော့ မီးလောင်စရာချည်းဖြစ်နေတာ” လို့ မီးလောင်ပြင်မှာရှိနေတဲ့ ပရဟိတသမားတစ်ဦးက ပြောကြားပါတယ်။
လက်ရှိအချိန်မှာလည်း ကော်စေ့စက်ရုံက မီးဆက်လက် လောင်ကျွမ်းနေဆဲဖြစ်တာကြောင့် မီးစတင်လောင်ကျွမ်းမှုဖြစ်စဥ်၊ ပျက်စီးဆုံးရှုံးမှုအခြေအနေကိုတော့ ဆန်းစစ်နိုင်ခြင်းမရှိသေးလို့ ဖြစ်စဥ်သိရချိန် ဆက်လက်ဖော်ပြပေးပါမယ်။ (Photo – MFSD)