၅.၁၂.၂၀၂၄
Written By Thandar
ဇာတ်လမ်းတွဲတွေကတစ်ဆင့် ပရိသတ်အားပေးမှုအခိုင်အမာရရှိလာခဲ့တဲ့ သရုပ်ဆောင် ဗညားဘုန်းပြည့်ကတော့ ဖမ်းဆီးခံရပြီး ၇ လခန့်အကြာ ဒီနေ့ ဒီဇင်ဘာ ၅ ရက်မှာ အိမ်ကိုနေကောင်းကျန်းမာစွာနဲ့ ပြန်ရောက်ပြီလို့ဆိုပါတယ်။
“ဒီနေ့ ကျွန်တော် နေကောင်းကျန်းမာစွာနဲ့ အိမ်ပြန်ရောက်ပါပြီ။ ကျေးဇူး တင်ထိုက်သူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ ဒီကြားထဲ ပရိတ်သတ်နဲ့ ချစ်ရသူအားလုံးကို စိတ်ပူစေခဲ့မိလို့လည်း တောင်းပန်ပါတယ်ခင်ဗျာ။ အားလုံးကို လွမ်းနေခဲ့တာပါဗျာ”လို့ သရုပ်ဆောင် ဗညားဘုန်းပြည့်က ပရိသတ်ကို ပြောပါတယ်။
သူဟာ သရုပ်ဆောင် ဖူးပွင့်သခင်ရဲ့ “အချစ်ခံကြည့်” MTV မှာ မဖွယ်မရာသရုပ်ဆောင်ထားတယ်ဆိုပြီး ပြီးခဲ့တဲ့ မေလ ၁၄ ရက်မှာ ပုဇွန်တောင်ရဲစခန်းက ဖမ်းဆီး အမှုဖွင့် အရေးယူခံထားရတာပါ။
အဆိုပါ သီချင်းကို ဇာတ်ညွှန်းရေးသားပေးသူ တေးသံရှင် ရွှေဆုက တစ်ပါတည်းထိန်းသိမ်းခံရတယ်ဆိုပေမယ့် လက်ရှိအချိန်မှာ တိမ်းရှောင်နေတယ်လို့ သိရပါတယ်။
“အချစ်ခံကြည့်” သီချင်းမှာ တေးဆို ၊ သရုပ်ဆောင်ရိုက်ကူးထုတ်လုပ်သူက ဖူးပွင့်သခင်ဖြစ်ပြီး အတူပါဝင်သရုပ်ဆောင်ခဲ့သူက ဗညားဘုန်းပြည့်၊ ဇာတ်ညွှန်းရေးသူက ရွှေဆု ၊ တေးရေး မင်းစည်သူတို့ ဖြစ်ပါတယ်။
ဖမ်းဆီးခံထားရတဲ့ သရုပ်ဆောင်ဗညားဘုန်းပြည့်နဲ့ တိမ်းရှောင်နေတယ်ဆိုသူ ရွှေဆုတို့ကိုတော့ ပုဇွန်တောင်ရဲစခန်းက အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ – ၃၃(က) နဲ့ အမှုဖွင့်အရေးယူနေတာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိအချိန်ထိ ထုတ်လုပ်သူ ဖူးပွင့်သခင်က ဆက်လက်တိမ်းရှောင်နေဆဲဖြစ်ပါတယ်။