၅. ၁၂. ၂၀၂၄
Written by Nyein Kyaw
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၌ အွန်လိုင်းအသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၁၈ ဦးနှင့် မြန်မာနိုင်ငံသား ၂၇ ဦးတို့အား ငွေလိမ်လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးမိခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၊ နောင်ဟီးကျေးရွာရှိ နေအိမ်တစ်လုံး၌ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများ ပူးပေါင်းကာ အွန်လိုင်းအသုံးပြု၍ ငွေလိမ်လုပ်ငန်းများ လုပ်ကိုင်နေကြောင်း သတင်းရရှိသဖြင့် အဆိုပါ နေအိမ်အားသက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ရှာဖွေစစ်ဆေးခဲ့ရာ အဆိုပါနေအိမ်အတွင်း၌ အွန်လိုင်းအသုံးပြု၍ ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသူ ချိန်လှ ၃၀ နှစ် အပါအဝင် တရုတ်နိုင်ငံသား အမျိုးသား ၁၈ ဦး၊ မြန်မာနိုင်ငံသား ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်နေ အားဖျင်(ခ)စောက်ရီချုံ ၃၅ နှစ် အပါအဝင် အမျိုးသား ၁၇ ဦးနှင့် အမျိုးသမီး ၁၀ ဦးတို့အား ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ဖမ်းမိတရားခံများနှင့်အတူ အွန်လိုင်းအသုံးပြု၍ ငွေလိမ်လုပ်ငန်းပြုလုပ်ရာတွင် အသုံးပြုသည့် ကွန်ပျူတာမျိုးစုံ ၂၆ လုံး၊ ဆက်စပ်ပစ္စည်း ၂၆ မျိုး၊ Star Link ၁ စုံ၊ ဖုန်းမျိုးစုံ ၁၃၀ လုံးနှင့် CZ 75 D 9MM အမျိုးအစားပစ္စတိုသေနတ် ၁ လက်၊ ကျည် ၈ တောင့်၊ Beretta 9MM အမျိုးအစားပစ္စတို သေနတ် ၁ လက်၊ ကျည် ၇ တောင့်၊ Type-81 အမျိုးအစားသေနတ် ၂ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၄၀ တောင့်၊ ၄၀ မမ ပြောင်း ၁ ခု၊ စကားပြောစက် ၆ လုံး၊ ဆိုင်ကယ် ၂ စီး၊ မီးစက် ၁ လုံး၊ WiFi စက် ၃ လုံး၊ DONG FENG ၆ ဘီးယာဉ် ၁ စီးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
အဆိုပါဖမ်းဆီးရမိသူ ချိန်လှ အပါအဝင် တရုတ်နိုင်ငံသား အမျိုးသား ၁၈ ဦး၊ မြန်မာနိုင်ငံသား အားဖျင် (ခ)စောက်ရီချုံ အပါအဝင် အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၀ ဦးတို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး တန့်ယန်းမြို့မရဲစခန်း၌ အီလက်ထရောနစ်ဆက်သွယ်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၃(က) ဖြင့်လည်းကောင်း၊ လဝကအက်ဥပဒေပုဒ်မ ၁၃(၁)ဖြင့်လည်းကောင်း အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။