၅.၁၂. ၂၀၂၄
Written by Shwe Phyo
အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများသည် ယခုလအတွင်း ထိုင်းနိုင်ငံတွင်တွေ့ဆုံကာ မြန်မာ့အရေးနှင့်ပတ်သက်ပြီး အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆိုမီရက်က ထုတ်ဖော်ပြောဆိုလိုက်သည်။
မြန်မာ့အရေးနှင့်ပတ်သက်ပြီး ယခုလနောက်ပိုင်းတွင် ထိုင်းနိုင်ငံ၌ ဝန်ကြီးအဆင့် တွေ့ဆုံဆွေးနွေးပွဲများ လုပ်ဆောင်ရန် စီစဉ်ထားကြောင်း၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ရှိနေဆဲဖြစ်သော လာအိုနိုင်ငံ၏ ဖိတ်ကြားချက်အရ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ ထိုင်းနိုင်ငံတွင် တွေ့ဆုံဆွေးနွေးရန်စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။
အဆိုပါအစည်းအဝေးအတွင်း မြန်မာ့အရေးနှင့် ပတ်သက်ပြီး ချဉ်းကပ်မည့်နည်းလမ်းများအပြင် အာဆီယံသဘောတူညီချက်ငါးချက် အကောင်ထည်ဖော်ရေးကိုအဓိကထား ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ဒီဇင်ဘာ ၂၀ ရက်နေ့၌ ကျင်းပမည့် မြန်မာ့အရေး အစည်းအဝေးသို့ အင်ဒိုနီးရှားနိုင်ငံကိုယ်စားပြုအဖြစ် နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ဖွယ်ရှိနေကြောင်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ကျင်းပခဲ့သော အာဆီယံ ထိပ်သီးအစည်းအဝေးအတွင်း အာဆီယံခေါင်းဆောင်များက မြန်မာကိုယ်ပိုင်ဖြစ်ပြီး မြန်မာနိုင်ငံက ဦးဆောင်မည့် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးပွဲများလုပ်ဆောင်ရန်၊ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးနိုင်ရေး လမ်းကြောင်းများ ဖန်တီးရန်နှင့် အကြမ်းဖက်မှုများချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
Ref reuters