၅.၁၂. ၂၀၂၄
Written by Shwe Phyo
ဘင်္ဂလားဒေ့ရှ်အစိုးရသည် ပြည်တွင်းဆန်ဈေးနှုန်းမြင့်တက်ခြင်းကို ဟန့်တားထိန်းချုပ်ရန်နှင့် ဆန်များပေးဝေနိုင်ရန်အတွက် မြန်မာနိုင်ငံမှ ဆန်များတင်သွင်းရန် စီစဉ်နေကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရသည် မြန်မာနှင့် အိန္ဒိယနိုင်ငံထံမှ ဆန်တန်ချိန် ၁ သိန်းခွဲတင်သွင်းရန် စီစဉ်ထားပြီး အိန္ဒိယနိုင်ငံမှ ဆန်တန်ချိန် ၅၀၀၀၀ တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်အစိုးရသည် မြန်မာနိုင်ငံထံမှ တစ်တန်ကို အမေရိကန်ဒေါ်လာ ၅၁၅ ဒေါ်လာနှုန်းဖြင့်ဆန်တန်ချိန် ၁ သိန်း တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအဖွဲ့ ဘဏ္ဍာရေးဆိုင်ရာအကြံပေးဖြစ်သူ ဆာလီဟူဒင် အာမက် ဦးဆောင်ပြီး ဆန်ဝယ်ယူမည့်အစီအစဉ်ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ၎င်းက ” ကျွန်တော်တို့ဟာ အိန္ဒိယ၊ မြန်မာနိုင်ငံထံကနေ ဆန်ဝယ်ယူဖို့ ဆွေးနွေးနေတယ်။ ဗီယက်နမ်နိုင်ငံနဲ့လည်း ဆွေးနွေးကောင်း ဆွေးနွေးမယ်။ အရည်အသွေးကောင်းမွန်တဲ့ ဆန်တွေကို ဦးစားပေးဝယ်ယူမယ်”ဟု ပြောသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရသည် ယခု အစောပိုင်းကလည်း တင်ဒါခေါ်ယူပြီး အိန္ဒိယနိုင်ငံထံမှ ဆန်ကွဲတန်ချိန် ၁ သိန်း ဝယ်ယူတင်သွင်းခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရက ဆန်ဝယ်ယူရေးအပြင် အိတ်ဖွင့်တင်ဒါခေါ်ယူရေးနှင့်ပတ်သက်ပြီး အစိုးရချင်း ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ကနဦးလုပ်ဆောင်မည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် မြန်မာနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့ ဆန်တင်သွင်းခြင်းများနှင့်ပတ်သက်၍ နားလည်မှုစာချွန်လွှာ ရေးထိုးထားပြီး အဆိုပါ နားလည်မှုစာချွန်လွှာက ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိနေကြောင်း သိရသည်။
REf thedailystar