MT News
၅. ၁၂. ၂၀၂၄
တရုတ်ကိုးကန့်လက်နက်ကိုင် MNDAA က အမျိုးသမီး ၂ ဦးအပါအဝင် လူ ၆ ဦးကို သေဒဏ်ချမှတ်လိုက်သလို သေဒဏ်စီရင်ခံရသူတွေအပါအဝင် အခြားပြစ်မှုကျုးလွန်သူ ၁၄ ဦးကိုပါ လောက်ကိုင်မြို့အနှံ လိုက်လံပြသခဲ့တယ်လို့ UWSA ထိန်းချုပ်မီဒီယာဖြစ်တဲ့ Wa News Land မှာ ဖော်ပြထားပါတယ်။
ဒီ ၁၄ ဦးထဲမှာ ပြစ်မှုကျူးလွန်သူ အမျိုးသမီးက (၃) ဦးပါဝင်ပြီး ကျူးလွန်ကြတဲ့ပြစ်မှုတွေထဲ ဓားပြမှု၊ ခိုးမှု၊ လုယက်မှု၊ လိမ်လည် လှည့်ဖြားမှု၊ လူသတ်မှုတို့ ပါဝင်ပြီးသေဒဏ် ၆ ဦးအပြင် ကျန်သူတွေကိုလည်း နှစ်ရှည်ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့တယ်လို့ ပြောပါတယ်။
ပြစ်မှုကျူးလွန်သူတွေကို လောက်ကိုင်အပြင် ချင်းရွှေဟော်၊ နမ့်ဟူး၊ ကွမ်းလုံ၊ ဟိုလီ အစရှိတဲ့ နေရာအသီးသီးကို ခေါ်ဆောင်လာခဲ့ပြီး ဒေသခံ လူထုတွေ၊ ကျောင်းသူ/ ကျောင်းသားတွေ၊ သက်ဆိုင်ရာ မြို့အလိုက် တာဝန်ရှိသူတွေကို တစ်အိမ်တစ်ယောက် လာရောက် ကြည့်ရှုစေခဲ့ပါတယ်။
သေဒဏ် ချမှတ်ခံရတဲ့ ၆ ယောက်ဟာ လောက်ကိုင်မှာ ပြည်ကြီး တရုတ်ကို ဝိုင်းပြီးသတ်ဖြတ် ငွေလုယက်ကြတာဖြစ်ပြီး ကျူးလွန်တဲ့အထဲ မိန်းကလေး နှစ်ယောက်ပါလို့ သူတို့ပါ သေဒဏ်ကျတာပါ။
ကိုးကန့်တရုတ်လက်နက်ကိုင် MNDAA ဟာ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအပြီး လောက်ကိုင်မှာ ပြစ်မှုအလိုက် ကျူးလွန်သူတွေကို လူထုရှေ့မှောက် တရားစီရင်ခဲ့သလို သေဒဏ်လည်း ချမှတ်ခဲ့ဖူးပြီး “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ထိန်းချုပ်လိုက်တဲ့ ဟိုပန်ခရိုင် ဟိုပန်မြို့မှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်က လူသတ်မှု ကျူးလွန်သူကို သေဒဏ်ချမှတ်ကာ မုဒိမ်းမှု ကျူးလွန်သူ ၆ ဦးကို တစ်သက်တစ်ကျွန်းနဲ့ ထောင်ဒဏ် ၁၅ နှစ်စီချမှတ်ခဲ့ပါသေးတယ်။
SAC အစိုးရဟာ လူသတ်ဖောက်ခွဲမှု ၁၇၈ မှု ကျူးလွန်တဲ့ ဇေယျာသော်၊ သူ့လိုပဲ ကျုးလွန်သူ ဂျင်မီနဲ့ လှိုင်သာယာမှာ အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ ဖမ်းဆီးရိုက်နှက်လုယက်သတ်ဖြတ်မှုကျုးလွန်တဲ့ ဝက်ကြီး၊ လှမျိုးအောင်တို့ကို သေဒဏ်ချချိန်မှာ ကမ္ဘာက ဝေဖန်မှုခံခဲ့ရပေမဲ့ MNDAA နဲ့ UWSA တို့လုပ်ရပ်ကိုတော့ ကမ္ဘာက မသိကျိုးကျွံပြုနေပြီး ဝေဖန်မှုမရှိပါဘူး။
ကိုးကား , သတင်း / ဓာတ်ပုံ – Wa News Land