ဖြိုးဝေ
၅. ၁၂. ၂၀၂၄
အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သလို ICC ဝန်ထမ်းအမျိုးသမီးတစ်ဦးကိုပါ လိင်ပိုင်းဆိုင်ရာကျူးလွန်ထားတဲ့ ICC ရှေ့နေချုပ် ကာရင်ခန်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့မှာ အဓိကတာဝန်ရှိပြီး NLD အစိုးရဟောင်းလက်ထက်က ဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီမွတ်ဆလင်အရေးကို ဦးတည်ပြီး SAC ဥက္ကဋ္ဌကို ဖမ်း၀ရမ်းထုတ်ပေးဖို့ လျှောက်ထားလာချိန်မှာပဲ SAC အစိုးရအဖွဲ့ဘက်က မြန်မာနိုင်ငံဟာ ICC စီရင်ခွင့်ရှိတဲ့ ရောမစာချုပ်ကို လက်မှတ်ထိုးမထားသလို တရုတ်အစိုးရကလည်း ICC မှာ စီရင်ပိုင်ခွင့်မရှိကြောင်းနဲ့ မျှမျှတတလုပ်ဖို့ သတိပေးလိုက်ပါတယ်။ ဒါ့အပြင် ICC နဲ့ ကာရင်ခန်က အမေရိကန်ရဲ့ မဟာမိတ်အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုတို့ကို ဖမ်း၀ရမ်းထုတ်လိုက်တာ၊ ရုရှားက ကာရင်ခန်ကို တန်ပြန်ဖမ်း၀ရမ်းထုတ်တာတွေအပြင် ကာရင်ခန်တို့ အစ္စလာမ်ညီအကိုရဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေပါ ဖော်ထုတ်ခံရပြီး ဒေါ်နယ်ထရန့်တက်လာမယ့် ၂၀၂၅ ဇန်နဝါရီမှာတင် ICC ရော၊ ကာရင်ခန်ပါ ပိတ်ဆို့ခံရလို့ မိုက်ဇာတ်သိမ်းရတော့မယ့် အခြေအနေတွေ မြင်ခဲ့ရတဲ့ ဒီရက်သတ္တပတ်မှာပဲ မြန်မာ့အရေးအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲအတွက် ထိုင်းနိုင်ငံက ကမကထလုပ်တဲ့ ASEAN Troika Plus အစည်းအဝေးကို ဒီဇင်ဘာ တတိယအပတ်မှာ စတင်ဖို့ ရှိနေကြောင်း ထိုင်းနဲ့ လာအိုဘက်က ထုတ်ဖော်ပြောကြားလာတာ တွေ့မြင်ရပါတယ်။
ဒီကာလအတွင်း ထူးခြားဖြစ်စဉ်အဖြစ်လည်း ချင်း ပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဇင်နိယက်ဒေသက လုမ်သဲရွာဆေးခန်းကို နိုဝင်ဘာ ၂၆ ရက်က လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၇ ဦးက ဒေသခံတွေပါလို့ NUG နဲ့ Chinland Council က လေကြောင်းတိုက်ခိုက်မှုအပေါ် ရှုတ်ချချက် ထုတ်ပြန်ချိန် လိမ် လည်ဖော်ပြခဲ့ပေမဲ့ ဇင်နိယက်ဒေသခံ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ CDF Zanniatram ရဲ့ မိခင်အဖွဲ့အစည်း ZPO (Zanniatland People’s Organization) ရုံးချုပ်က ကြေညာချက်ထုတ်ရာမှာတော့ သေဆုံးသူ ၇ ဦးထဲက ၅ ဦးဟာ လုမ်သဲဆေးခန်းကို အကာအကွယ်ယူထားတဲ့ CNO/ CNDF လက်နက်ကိုင်တွေဖြစ်နေကြောင်း၊ ဖလမ်းမြို့သိမ်းတိုက်ပွဲမစခင် အောက်တိုဘာလထဲက ဒီလို ဆေးခန်း အကာအကွယ်ယူတာကို ကျေးရွာလူကြီးတွေက မနှစ်မြို့ကြောင်းနဲ့ CNO/ CNDF တွေက ဆေးခန်းအကာအကွယ်ယူလို့ ဒီလိုအတိုက်ခံရတာကို ရှုတ်ချကြောင်း ဖော်ပြမှုတွေအပြင် သေသွားတဲ့ ကျန်းမာရေးဝန်ထမ်းနှစ်ဦးကလည်း ချင်းလက်နက်ကိုင်တွေရဲ့ ဆေးတပ်သားတွေဖြစ်နေပြန်တယ်ဆိုတာ သိရလို့ NUG နဲ့ Chinland Council တို့ရဲ့ သေဆုံးသူ ၇ ဦးက အရပ်သားဆိုတဲ့ လိမ်လည်မှုက ဘူးပေါ်သလို ပေါ်ခဲ့သေးတာပါ။
အခြားတစ်ဖက်မှာလည်း မြေရှားထွက်ရှိရာဒေသကို KIA ထိန်းချုပ်လိုက်လို့ ကမ္ဘာ့မြေရှားစျေးကွက် လှုပ်ခတ် မြင့်တက်လာတဲ့ဖြစ်စဉ်၊ လူမှုကွန်ရက်မှာ NUG ၊ PDF ကို ထောက်ခံ ရေးသားပြောဆိုမှုတွေကြောင့် ဖမ်းဆီးခံရမှု နှစ်စဥ်လျော့ကျနေပြီး ဒီနှစ် အောက်တိုဘာလအထိ ၃၅၁ ဦးသာရှိတော့တဲ့ ဖြစ်စဉ်၊ မုံရွာမြို့က နဝရတ်ရွှေဆိုင်ကို သိန်း ၁၅၀၀၀ ကျော်ဖိုး ဓားပြတိုက်မှုမှာ ပါဝင်တဲ့ PDF ၇ ဦးကို ဖမ်းမိထားပေမယ့်လည်း လုယက်ခံရွှေတွေကို မုံရွာပလဖ ပြန်မပေးသေးတဲ့ဖြစ်စဉ်တွေ၊ စေတီတော်အသစ်တည်ထားကိုးကွယ်ဖို့အတွက် ပစ္စည်း၀ယ်ယူဖို့ ကယားပြည်နယ်ကနေ မန္တလေးမြို့ဆီ ကားနဲ့သွားတဲ့ သံဃာတော် ၅ ပါးကို KNDF နဲ့ PDF တွေ ဝိုင်းဝန်း ပစ်ခတ်လို့ တစ်ပါးပျံလွန်ပြီး နှစ်ပါးဒဏ်ရာရတဲ့ဖြစ်စဉ်တွေ၊ CDM အမျိုးသမီးတစ်ဦးပုံကို အကြိမ်ကြိမ် ခြိမ်းခြောက် တောင်းခံပြီး လိင်စိတ်ဖြေဖျောက်တဲ့ လူငယ်များသမဂ္ဂရဲ့ ဗဟိုအလုပ်အမှူဆောင် စောရဝေကို တော်လှန်ရေးအမည်းစက်အဖြစ် သတ်မှတ်ထုတ်ပယ်လိုက်တာတွေ၊ မြန်မာနိုင်ငံအတွင်းက ဥပဒေနဲ့မညီတဲ့ အလုပ်တွေကို နိုင်ငံခြားသားတွေ သွားရောက်လုပ်ကိုင်တာကို တားဆီးဖို့ ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးရေးဂိတ်ထူထောင်လိုက်တဲ့ဖြစ်စဉ်နဲ့ တောင်ကုတ်မြို့မှာ AA လက်နက်ကိုင်အဖွဲ့က နေအိမ်တွေကိုဖောက်ထွင်းလို့ ပစ္စည်းခိုးကာ Tipper Truck ကားနဲ့သယ်ယူပြီး မော်တော်ဘုတ်တွေနဲ့ ဒေသပြောင်းရွှေ့မှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ဖြစ်စဉ်တွေအပြင် NUG ရဲ့ အထူးစစ်ဆင်ရေးတပ်ခွဲဖြစ်တဲ့ ရေးဘီလူးအဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် ရေးဘီလူးက အမျိုးသားတစ်ဦးကို လည်ပင်း ဓားနဲ့ခုတ်ဖြတ်သတ်တဲ့ ရုပ်သံထွက်ပေါ်လာမှုနဲ့ ပသုံးလုံးအဖွဲ့တွေရဲ့ သစ်မှောင်ခိုမှု၊ မူးယစ်ဆေးမှုတွေ NUG ထံတိုင်ကြားလို PDF ကြီးစိုးနယ်မြေမှာ သုံးလသမီးပါမချန် မိသားစုလိုက်လည်လှီးအသတ်ခံရတဲ့ NUG ကနီမြို့နယ်ပညာရေးတာဝန်ခံ CDM ကျောင်းဆရာ ဦးဝင်းဌေးမိသားစုအတွက် အမှုမှန်ဖော်ထုတ်ပေးဖို တစ်လပြည့်လှုပ်ရှားမှုတွေပါ တွေ့မြင်ခဲ့ရပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ NUG က ဗိုလ်နဂါးကို သတ်ဖြတ်ဖို့ကြိုးစားနေတဲ့အကြောင်း၊ AA က ရခိုင်စစ်ဘေးရှောင် ၇၀၀ လောက်ကို လူသားဒိုင်းလုပ်ထားတဲ့အကြောင်းတွေအပြင် ရန်ပုံငွေစာရင်းမရှင်းလင်းနိုင်တဲ့ NUG ရဲ့ MOCIT နဲ့ ပူးပေါင်းစစ်ဆင်မှုမလုပ်တော့ဘူးလို့ Federal Wings က ထုတ်ပြန်လာမှုတွေနဲ့ ခုခံစစ်နဲ့ စစ်ရေးဖြေရှင်းမယ်ဆိုတဲ့ အကြမ်းဖက်လက်နက်ကိုင် MNDAA ရဲ့ ထုတ်ပြန်ချက်အကြောင်းတွေကို သုံးသပ်တင်ပြချင်ပါတယ်။
◾ ဗိုလ်နဂါးကို လုပ်ကြံဖို့ ကြိုးစားတဲ့ nug
တိုင်းရင်းသားလက်နက်ကိုင်တွေဆီမှာ စစ်ပညာသင်ရ၊ လက်နက်၊ အင်အားတောင်းခံရတဲ့ NUG ဟာ EAOs တွေကို မလှန်နိုင်သလို KIA လို သယံဇာတဖင်ခုထိုင်ထားတဲ့ အင်အားကြီးလက်နက်ကိုင်အဖွဲ့ကလည်း NUG ရဲ့ လက်ဝါးကြီးအုပ်လိုမှု မနှစ်သက်တာကြောင့် NUG တို့ စုဖွဲ့ထားတဲ့ K3C (ကချင်၊ ကယား၊ ကရင်၊ ချင်း၊ NUG)ကနေ နုတ်ထွက်သွားလို့ K2C ပဲ NUG မှာ ကျန်တော့သလို အခုလည်း မြေပြန့်က LPDF တွေ အမြစ်ပြတ်ချေမှုန်းဖို့ ကြံစည်မှုအဖြစ် ဗိုလ်နဂါးကို လုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားနေတယ်လို့ BNRA ထူထောင်သူ ဗိုလ်နဂါးက လူသိရှင်ကြား ဖွင့်ဟလာပါတယ်။
ဗိုလ်နဂါးရဲ့ BNRA ကို NUG က သိက္ခာချ လုပ်ကြံဖို့ ကြိုးစားမှုကို အဓိကအကောင်အထည်ဖော်နေသူက တစ်ဂူတည်း မြေခွေးနှစ်ကောင် မအောင်းချင်တဲ့ ပုလဲပအဖအဖွဲ့ခေါင်းဆောင် ဇော်ထက်ဖြစ်ဖွယ်ရှိပြီး ပြီးခဲ့တဲ့ မေလ ၂၃ ရက်က ပုလဲပလဖ သတင်းပြန်ကြားရေးတာဝန်ခံ ပုလဲမောင်ဟာ ဇော်ထက်နေအိမ်မှာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရတာပါ။ ဒီဖြစ်စဥ်ကို ဇော်ထက်က ဗိုလ်နဂါးအပေါ် လွှဲချဖမ်းဆီးဖို့ လုပ်ဆောင်ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒါ့အပြင် ဇော်ထက်အိမ်မှာ ပုလဲမောင် အသတ်ခံရတာကို ပုလဲမောင်မိသားစုက NUG တရားခံဖော်ထုတ်ပေးဖို့ တောင်းဆို တိုင်ကြား ဆန္ဒပြပေမဲ့ လူသတ်တရားခံလို့ ယူဆရတဲ့ ဇော်ထက်က အရေးယူခံရမှုမရှိပါဘူး။ ဒါကြောင့်မို့လို့လည်း ဗိုလ်နဂါးရဲ့ လူ ၂၀ ကျော်ကို NUG ဩဇာခံ ရွှေဘိုခရိုင် တပ်ရင်း (၃) PDF တွေက ဖမ်းဆီးချိန်မှာ ဗိုလ်နဂါးက ပုလဲအမတ်ဟောင်းလည်းဖြစ်တဲ့ ပုလဲပအဖခေါင်းဆောင် ဇော်ထက်ကို ရည်ညွှန်းပြီး “လူသတ်ပြီး အလောင်းကို မြေတိုက်ခန်းထဲဖွက်တဲ့အမတ် ပအဖတာဝန်ခံနဲ့ ကျဆုံးရဲဘော်တွေကို ဂုဏ်ပြု သေနတ် ဖောက်တဲ့ ရဲဘော် ဘယ်သူအပြစ်ပိုကြီးလဲ။ ဘယ်သူ့ကိုအရင်အရေးယူသင့်လဲ”လို့ NUG ကို မေးခွန်းထုတ်ခဲ့ပါသေးတယ်။
ဒါ့အပြင် နိုဝင်ဘာ ၁၁ ရက်က လုပ်ဆောင်ခဲ့ပြီး မအောင်မြင်ခဲ့တဲ့ ဗိုလ်နဂါးတို့ရဲ့ ပုလဲမြို့သိမ်းတိုက်ပွဲမှာလည်း NUG ရဲ့ ဝက်လက် PDF အဖွဲ့က သတ်ဖြတ်တိုက်ထုတ်လို့ AA ဩဇာခံဖြစ်သွားတဲ့ GZ Army နဲ့ အညာကို ခြေကုပ်ယူချင်တဲ့ မောင်ဆောင်းခရဲ့ BPLA၊ Southern YSO၊ ချင်းညီနောင်စစ်ဆင်ရေးတွေနဲ့ ပူးတွဲ လုပ်ဆောင်ရာမှာ မူလကတည်းက NUG ၊ KIA ကြားမှာ ရခိုင် AA နဲ့ ဗမာအမည်ခံတပ်မတော်နှစ်ခုပါ နယ်မြေလုယက်ကြရင် ဇာတ်ပိုရှုပ်မှာစိုးရိမ်တဲ့အတွက် ပုလဲမြို့သိမ်းတဲ့ ဗိုလ်နဂါးတို့ BNRA တပ်ပေါင်းစုရဲ့ မြေပြင်ပစ်မှတ်တွေကို NUG နဲ့ PDF တွေက သတင်း ပေးပို့တာကြောင့် နိုဝင်ဘာ ၁၄ ရက် တစ်ရက်တည်းနဲ့ ပုလဲမြို့သိမ်းတဲ့ PDF တွေ တိုက်ထုတ်ခံရပြီး အကျအဆုံးများခဲ့တဲ့ ဖြစ်စဥ်ကလည်း ဖြစ်ပွားခဲ့သေးတယ်လို့ နွေဦးတော်လှန်ရေးအသိုင်းအဝိုင်းမှာ သုံးသပ်မှုတွေ ရှိထားပါသေးတယ်။ ဒီလိုမျိုး ကိုယ့်ဘက်ရှိနေတဲ့ အကြီးဆုံးတိုင်းရင်းသားလက်နက်ကိုင်လည်း ဆက် မစည်းရုံးနိုင်၊ အင်အားကောင်းလာနိုင်တဲ့ ဒေသတွင်း လက်နက်ကိုင် BNRA ကိုလည်း အမြစ်ဖြုတ်ချင်နေတဲ့ ပြည်ပပြေး NUG ရဲ့ ကိုယ်ကျိုးရှာဩဇာထူထောင်လိုမှုမှာ လက်အောက်ခံ ပသုံးလုံးတွေရဲ့ လူသတ်၊ ဆက်ကြေးကောက်၊ ဓားပြတိုက်၊ မူးယစ်ဆေးထုတ်၊ သစ်မှောင်ခိုခုတ်မှုတွေကိုပါ မတားဆီးနိုင်တာလည်း မဆန်းဘူးလို့ ပြောရမှာဖြစ်သလို သူတို့တစ်ချိန်လုံးမက်နေတဲ့ ဖက်ဒရယ်တပ်မတော်အိပ်မက်ကလည်း ရေပေါ်အရုပ်ရေးသလို တောင်စဥ်ရေမရပြောနေတာပဲဆိုတာ သာမန်အသိဥာဏ်ရှိရုံနဲ့ကို မြင်ရမှာပါ။
◾ စစ်ဘေးရှောင် ၇၀၀ ခန့်ကို လူသားဒိုင်းလုပ်ထားတဲ့ AA
အကြမ်းဖက်လက်နက်ကိုင်အဖြစ် သတ်မှတ်ခံထားရတဲ့ AA လက်နက်ကိုင်အဖွဲ့ဟာ ပြည်မဆီစစ်ရှောင်တဲ့ တောင်ကုတ်မြို့ခံလူပေါင်း ၇၀၀ ခန့်ကို ရခိုင်ရိုးမပေါ် လူသားဒိုင်း အဖြစ် စုဖွဲထားတာ နှစ်ပတ်ကျော်ပြီဖြစ်သလို စစ်ရှောင်တွေဆီက ကား၊ ဆိုင်ကယ်၊ ငွေကြေးနဲ့ မိုဘိုင်းဖုန်းတွေကအစ သိမ်းဆည်းထားတယ်လို့ သိရပါတယ်။ ဒီလိုဖမ်းဆီးထားမှုကြောင့် ရခိုင်စစ်ရှောင်တွေဟာ အရေပြားယားနာတွေ၊ ရိက္ခာပြတ်တောက်မှုတွေအပြင် ရခိုင်ရိုးမကနေ မိုင် ၆၀ ကျော်ဝေးတဲ့ ချောင်းသုံးခွရွာဆီကို ဆက်လက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း မိသားစုဝင်တွေက ပြောပါတယ်။ AA ဟာ သူတို့ စခန်းချရာနေရာတွေကို စစ်ဘေးရှောင်တွေဖမ်းချိန်မှာ လူငယ်တွေကို စစ်သားစုဆောင်းပြီး အရွယ်လွန် အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကိုတော့ သူတို့စခန်းချရာ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာထားပြီး လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးရင် တပ်မတော်ကို အပြစ်ဖို့နိုင်ဖို့ စနစ်တကျ ကြံဆောင်လုပ်ကိုင်ထားတယ်လို့လည်း သိရတာပါ။
ဒီလိုမျိုး ရခိုင်ပြည်နယ်မြောက်ပိုင်းက AA ဟာ တောင်ပိုင်းရခိုင်တွေဖြစ်တဲ့ တောင်ကုတ်ဒေသခံ စစ်ရှောင်တွေကို လူသားဒိုင်းအပြင် မြောက်ပိုင်းရခိုင်တွေနဲ့ ခွဲခြားဆက်ဆံပြောဆိုရိုက်ပုတ်တာတွေ ကျုးလွန်နေသေးသလို ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြို့သိမ်းချိန်ကတောင် နေအိမ်ဖောက်ထွင်းခိုးယူမှု ကျူးလွန်ခဲ့တဲ့ AA ဟာ သူတို့ကို မနှစ်လိုတဲ့ တောင်ပိုင်းရခိုင်တွေရဲ့ တောင်ကုတ်ကို သိမ်းဖို့တိုက်ချိန်မှာတော့ ချမ်းသာကြွယ်၀သူနေအိမ်မှန်သမျှ ဖောက်ထွင်းပြီး ရှိသမျှအကုန်ခိုးယူတာ၊ ခိုးယူပြီးရင် ခြေရာလက်ရာဖျောက်ဖို့ မီးရှို့ပြီး လေကြောင်းတိုက်ခိုက်မှုအပြစ်ပုံချတာ စတဲ့ ယုတ်မာမှုတွေလည်း လုပ်ဆောင်နေကြသေးတယ်လို့ စစ်ဘေးရှောင် တောင်ပိုင်းရခိုင်တွေက ဖွင့်ဟကြပါတယ်။ အခုဆိုရင် AA ရဲ့ ထိုးစစ်အောက်မှာ ရခိုင်ပြည်သူ သိန်းနဲ့ချီ ဘ၀ပျက်၊ အငတ်ဘေးကြုံနေရပြီဖြစ်သလို ပိုဆိုးတဲ့ လူသားဒိုင်းအလုပ်ခံရမှုတွေမှာပါ အသက်ပေးနေရတာကြောင့်လည်း စစ်ကို တောင်းတခဲ့တဲ့ ရခိုင်ပြည်သူတွေဟာ AA ရက်စက်သမျှ လည်စင်းခံနေရပြီဖြစ်ပါတယ်။
◾ ရန်ပုံငွေစာရင်းမရှင်းလင်းဘဲ လက်နက်တွေဖြောင်တဲ့ MOCIT
ပြည်သူလှူထားတဲ့ရန်ပုံငွေကို စာရင်းတွေမရှင်းပြဘဲ ကိုယ်ကျိုးသုံးနေတဲ့ NUG ကို ထပ်မံထိုးနှက်ခံရမှုအဖြစ် Federal Wings ဒရုန်းတပ်ဖွဲ့ကလည်း ဒီဇင်ဘာ ၃ ရက်မှာပဲ NUG ရဲ့ ရန်ပုံငွေ မသမာမှုတွေ၊ စစ်ရာဇဝတ်မှုတွေနဲ့ ဆက်နွှယ်တဲ့ ကျုးလွန်မှုတွေကြောင့် NUG ဆက်သွယ်ရေးဝန်ကြီးဌာန (MOCIT) နဲ့ ပူးပေါင်းစစ်ဆင်မှုရပ်ဆိုင်းတယ်လို့ ထုတ်ပြန်လာပါတယ်။
KNU လက်အောက်၊ လေးကေ့ကော်မှာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၄ ရက်က စတင်တည်ထောင်ခဲ့တဲ့ Federal Wings နဲ့ NUG ရဲ့ MOCIT တို့ တရားဝင်ချိတ်ဆက်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လဆန်းပိုင်းက စတင်ပြီး Federal Wings ရဲ့ ရန်ပုံငွေ ကိစ္စရပ်တွေ၊ ဘဏ်အကောင့်တွေ၊ ငွေစာရင်းတွေ၊ Fundraising Project ကိစ္စရပ်တွေ၊ ပစ္စည်းဝယ်ယူရေးနဲ့ Web Portal ပိုင်းဆိုင်ရာပါဝင်တဲ့ ဘဏ္ဍာရေးဆိုင်ရာကိစ္စအဝဝကို အလုံးစုံစီမံဖို့ MOCIT က တာဝန်ယူခဲ့ပေမဲ့ MOCIT ဟာ ရန်ပုံငွေကောက်ခံမှုစာရင်းကို သုံးလပဲ စာရင်းရှင်းနိုင်ပြီး ဒီနေ့အထိ မရှင်းနိုင်တော့သလို Fundraising Project တွေ လုပ်ဆောင်တာကိုလည်း ငွေကောက်ခံပေးရတဲ့ Fundraiser တွေသာမက Federal Wings ကိုတောင် အသိမပေးတော့တဲ့အဆင့်အထိ ဆိုးရွားလာခဲ့တာပါ။
ဒါ့အပြင် NUG ရဲ့ MOD (ကာကွယ်ရေးဝန်ကြီးဌာန) နဲ့ ပူးပေါင်းမယ့် 1801 (Federal Wings) တပ်ရင်းဖွဲ့စည်းရာမှာ တာဝန်ခံအရာရှိခန့်အပ်နိုင်ဖို့ စာရင်းပေးပို့မှုကိစ္စရပ်ကို MOCIT ကပဲ စီမံခဲ့ပြီး 1801 (Federal Wings) တပ်ရင်းအတွက် တပ်ရင်းမှူးဖြစ်လာခဲ့သူက Federal Wings ပိုင် Sniper Rifle နဲ့ Assault Rifle အမျိုးစုံ အလက် ၂ဝ ကျော်ကို စာရင်းတင်ပြနိုင်ခြင်းမရှိဘဲ အလွဲသုံးစားလုပ်တဲ့အပြင် ဒရုန်းအပ်နှံအပြီး (၁) နှစ်ခန့်ကြာချိန်အထိ စစ်ဆင်ရေး ပြုလုပ်နိုင်ခဲ့ခြင်းမရှိဘဲ တာဝန်လစ်ဟာမှု ဖြစ်ပေါ်ခဲ့လို့ ဒါကို အရေးယူဖြေရှင်းပေးဖို့ MOCIT ကို တောင်းဆိုပေမဲ့ အရေးယူမပေးလို့ MOD ကို တိုက်ရိုက်တိုင်ကြားခဲ့ရပါသေးတယ်။
ဒီလို ရန်ပုံငွေကြေးဆိုင်ရာကိစ္စရပ်တွေအပြင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်ကဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းမြို့နယ်က ကံတလူတိုးဂိတ်ကို MOCIT ချိတ်ဆက်မှုနဲ့ Federal Wings က နည်းပညာနဲ့ လက်နက်ပစ္စည်း ပေးပို့ထားတဲ့ ဒရုန်းတပ်ဖွဲ့တစ်ခုက ပြည်သူလူထုလှုပ်ရှားသွားလာနေချိန် ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့ စစ်စည်းကမ်းချိုးဖောက်မှုကို Federal Wings က အပြင်းအထန်ကန့်ကွက်ခဲ့ပေမဲ့ MOCIT က စစ်စည်းကမ်းမလိုက်နာတဲ့ NUG ဒရုန်းတပ်ကို သတိပေးဖို့တောင် ငြင်းဆန်ခဲ့တာက ပထမအကြိမ် သဘောထားကွဲလွဲမှုလို့ Federal Wings က ပြောပါတယ်။ ဒါပေမဲ့ MOCIT က ၂၀၂၄ ခုနှစ် ဧပြီလမှာ တပ်မဟာ (၆) နယ်မြေအတွင်းက တောင်စွန်းစစ်စခန်းကို KNDO (Federal Wings) ဒရုန်းတပ်ဖွဲ့က White Phosphorus (မီးစုန်းဖြူ) ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့မှုကို စစ်ရာဇဝတ်မှုတစ်ခုအဖြစ် ကန့်ကွက်ခဲ့ပြီး ဒီအချက်က ဒုတိယသဘောထားကွဲလွဲမှုလို့ ပြောပါတယ်။ ဒါ့အပြင် MOCIT ဟာ Federal Wings ရဲ့ အမာခံ Fundraiser တွေဖြစ်တဲ့ ပန်ဆယ်လို၊ WLMF နဲ့ Ride Behind Kalaw တို့ ပူးပေါင်းပြုလုပ်တဲ့ TheKey Project ကို ကျိုးကြောင်းဆီလျော်မှုကင်းမဲ့စွာ ကန့်ကွက်ခဲ့ပြီး ဒေါ်လာ ၂၁၅၀၀၀ ရခဲ့တဲ့ The Key Project က တတိယအကြိမ်သဘောထားကွဲလွဲမှုလို့ ပြောပါတယ်။ ပြည်သူလူထုဆီက အလှုခံပြီး လူထုကို သတ်ဖြတ်ကြတာချင်းတူဦးတော့ MOCIT ရဲ့ ကိုယ်ကျိုးရှာခိုးဖွက်မှုကို Federal Wings က သည်းမခံနိုင်တော့လို့ စစ်ဆင်ရေးတွေ ပူးတွဲမလုပ်တော့ဘူးလို့ ထုတ်ပြန်လာပေမဲ့ NUG ဘက်ကတော့ အရင်တုန်းက စာရင်းမရှင်းနိုင်ဘူးလို့ အပြောခံရတဲ့ဖြစ်စဉ်တွေနည်းတူ မျက်နှာပြောင်တိုက်ပြီး ဘာတစ်ခုမှ မရှင်းပြတဲ့အပြင် NUG ဝန်ကြီးတွေဟာ ဒေါ်လာသိန်းချီ Project တွေအတွက် ဆက်ပြီး အားကျိုးမာန်တက် အလှူခံနေတာ ဒီနေ့အထိ ဆက်မြင်နေရပြန်သေးတာပါ။ ဒီလိုမျိုး နာမည်ပျက်တွေနဲ့ ကိုယ်ကျိုးရှာ မိသားစုလိုက်ပြည်ပပြေးပြီး အလှုငွေကိုယ်ကျိုးသုံးနေတာကို ဆက်လှုနေကြတဲ့ လူတွေရဲ့ ဦးနှောက်ကလည်း အံ့ဩစရာပါပဲ။
◾ အကြမ်းဖက် MNDAA ဆက်လက် ဆင်နွှဲမယ့် ခုခံစစ်
တရုတ်နိုင်ငံကြောင့် လားရှိုးကို ထိုးစစ်ဆင်မှုတွေ ရပ်ဆိုင်းမယ်လို့ လိမ်လည်ကြေညာချက်ထုတ်ပြီး လားရှိုးမြို့နဲ့ ရမခကို အပြင်းအထန် တိုက်ခိုက်သိမ်းယူခဲ့တဲ့ တရုတ်ကိုးကန့်လက်နက်ကိုင် MNDAA ဟာ နိုဝင်ဘာ ၂၅ ရက်က TNLA ထုတ်ပြန်ခဲ့သလိုမျိုးပဲ ခုခံစစ်ကို ကိုင်စွဲပြီး ပြည်တွင်းစစ်ရေးပဋိပက္ခအပေါ် နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို လိုလားတယ်လို ဒီဇင်ဘာ ၃ ရက်မှာ ထုတ်ပြန်လာပါတယ်။ MNDAA ရဲ့ ခုခံစစ် ဆက်ဆင်နွှဲရင်း ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုတဲ့ ဒီစာမှာ စစ်ဘေးဒုက္ခဒဏ်ကို ပြင်းထန်စွာခံစားနေရတဲ့ အပြစ်မဲ့ပြည်သူလူထု အကျိုးကို ငဲ့ညှာထောက်ထားလိုတယ်ဆိုတာ၊ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းရေးကို ကာကွယ် ထိန်းသိမ်းလိုတာ၊ ပြည်တွင်းစစ်ရေးပဋိပက္ခတွေကို နိုင်ငံရေး နည်းလမ်းနဲ့ဖြေရှင်းနိုင်ဖို့နဲ့ ဒေသတွင်းငြိမ်းချမ်းရေးကို လက်တွေ့ကျကျဖော်ဆောင်ဖို့အတွက် MNTJP/MNDAA က နိုင်ငံတော်ခွဲထွက်ပြီး နိုင်ငံတော်အသစ်ထူထောင်ခြင်းကို ပြုလုပ်မှာမဟုတ်ကြောင်း၊ စစ်မှန်တဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တောင်းဆိုခြင်းသာဖြစ်ကြောင်း၊ MNDAA အနေနဲ့ နိုင်ငံတော်အချုပ် အခြာအာဏာနဲ့ နိုင်ငံပိုင်နယ်မြေ တည်တံ့ ခိုင်မြဲရေးကို တစ်စိုက်မတ်မတ် ထိန်းသိမ်းကာကွယ်သွားမယ့်အကြောင်း၊ MNDAA တပ်တွေက ဒီနေ့ကစ ချက်ချင်း အပစ်အခတ်ရပ်စဲပြီး အစပြုထိုးစစ်ဆင်တိုက်ခိုက်မှာမဟုတ်ကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ကြိုးပမ်းဆောင်ရွက်မှုအောက် လားရှိုးအပါအဝင် သက်ဆိုင်ရာကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်ပေးမှုအတိုင်း တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း၊ တပ်မတော်က ဝေဟင်၊ မြေပြင်ထိုးစစ်ဆင်တာ ရပ်ဆိုင်းပေးရမယ်ဆိုတဲ့အကြောင်းနဲ့ တွေ့ဆုံဆွေးနွေးဖို MNTJP/MNDAA အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ စေလွှတ်မှာဖြစ်ပြီး နှစ်ဦးနှစ်ဖက်ကြား ပဋိပက္ခနဲ့ အမြင်သဘောထားကွဲလွဲမှုကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို မျှော်လင့်ပေခဲ့ ခုခံစစ်ကို ဆက်လက်စွဲကိုင် ကျင့်သုံးသွားမယ်လို့ ဖော်ပြထားပါတယ်။
MNDAA လိုပဲ TNLA ကလည်း စစ်ရေးတင်းမာမှုပဋိပက္ခကို ခုခံစစ်နဲ့ ဖြေရှင်းချင်တယ်လို့ နိုဝင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒီ ထုတ်ပြန်ချက်ဟာ SAC ဥက္ကဋ္ဌနဲ့ တရုတ်နိုင်ငံဝန်ကြီးချုပ်လီချန်တို့ တွေဆုံဆွေးနွေးချိန် ပြောကြားခဲ့သလို TNLA နဲ့ MNDAA တို့က အမှန်တကယ်ငြိမ်းချမ်းရေးရလိုကြောင်း ရှင်းလင်းပြတ်သားတဲ့ လုပ်ဆောင်မှု ပါမလာဘူးလို ဝေဖန်မှုတွေ အကြီးအကျယ်ထွက်ပေါ်ခဲ့တာကြောင့် ခုခံစစ်နဲ့ ငြိမ်းချမ်းရေးရချင်တယ်လို ထုတ်ပြန်အပြီး ငါးရက်အကြာ နိုဝင်ဘာ ၃၀ မှာ TNLA လုယက်သိမ်းယူထားတဲ့ ကျောက်မဲ လေကြောင်းဗုံးကြဲခံရပြီး လူ ၁၀ ဦး သေခဲ့ပေမယ့် ဒီနေ့အထိတော့ MNDAA သိပ်လိုချင်တဲ့ ရမခရှိရာ လားရှိုးကို တပ်မတော်က တိုက်ခိုက်မှုမမြင်ရသေးသလို MNDAA ကလည်း သူတို့ဖြုတ်ချပြီး ခြေနဲ့တက်နင်းပြခဲ့တဲ့ နိုင်ငံတော်အလံကို လားရှိုးအနှံ့မှာ ပြန်လည်လွှင့်ထူပြီး တရုတ်ကို မျက်နှာချိုသွေးခဲ့တာ မြင်ရပါသေးတယ်။
တကယ်တော့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုတာက အမြင့်ဆုံးအာဏာပေးအပ်မှုပါ။ ဒါကိုမှ MNDAA က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ကျော်လွန်ဖောက်ဖျက်ပြီး ကိုယ်ရနိုင်တဲ့ဒေသထက် ကျော်လွန်ပြီး တပ်မတော်ရဲ့ တိုင်းစစ်ဌာနချုပ်ကို သတ်ဖြတ်စီးနင်းယူ၊ နိုင်ငံတော် အလံခြေကန်ဖြုတ်ပြီး သူ့အလံတင်၊ တိုင်းစစ်ဌာနချုပ်ရှိရာမြို့ကို သိမ်းယူပြီးမှ တရုတ်ကြောင့် နိုင်ငံတော်က ခွဲမထွက်ပါဘူး။ ခုခံစစ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုတာကတော့ ဘုန်းကြီးကို ခေါင်းခေါက်ပြီးမှ ကန်တော့တာထက်ကို အခြေအနေဆိုးပြီး ဒီအခြေအနေဆိုးကို လက်ခံလိုက်မယ်ဆိုရင် အင်အားကြီးတဲ့ လက်နက်ကိုင်မှန်သမျှက မြို့တွေ၊ တိုင်းစစ်ဌာနချုပ်တွေ ရသမျှအကုန်တိုက်ယူပြီး အပေါ်စီးက ငြိမ်းချမ်းရေးစကားချည်းပြောနေမယ်ဆိုတာမျိုး ဆက်ဖြစ်လာရင် နိုင်ငံတော်နဲ့ ဖွဲ့စည်းပုံကိုကာကွယ်ရမယ်ဆိုတဲ့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာဟာလည်း ထာ၀ရအရှက်ရစရာဖြစ်သွားပါလိမ့်မယ်ဆိုတာ တွေးဆကြည့်မိပါစေလို့ ဆုတောင်းရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။