၅.၁၂. ၂၀၂၄
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက အမေရိကန်ပြည်ထောင်စုရဲ့ ကာကွယ်ရေးဆိုင်ရာကုမ္ပဏီ ၁၃ ခုနဲ့ အခြားလုပ်ငန်းတွေက အမှုဆောင်တွေကိုပါ တရုတ်တိုင်ဝမ်သို့ စစ်လက်နက်ပစ္စည်းတွေရောင်းချမှုနဲ့ အရေးယူပိတ်ဆို့မှုတွေပြုလုပ်ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီဇင်ဘာလ ၅ ရက် ထုတ်ပြန်ကြေညာချက်တစ်ရပ်မှာ ဖော်ပြခဲ့ပါတယ်။ ဒီထုတ်ပြန်ကြေညာချက်က ပိတ်ဆို့မှုတွေမှာ မောင်းသူမဲ့ လေယာဉ်တွေနဲ့ အသိဉာဏ်တု ကုမ္ပဏီတွေပါ ပါဝင်တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒါ့ပြင် တရုတ်အစိုးရက ယခင်ပိတ်ဆို့အရေးယူခဲ့တဲ့ အမေရိကန်ရဲ့ အဓိက ကာကွယ်ရေးကုမ္ပဏီတစ်ခု ဖြစ်တဲ့ Raytheon Technologies ရဲ့ ဥက္ကဋ္ဌ ဘာဘရာ ဘော်ဂိုနိုဗီနဲ့ ရေတပ်ဆိုင်ရာ ဒုတိယ ဥက္ကဋ္ဌ ဂျာ ရတ် ဟူဘာ တို့ကိုလည်း ပိတ်ဆို့အရေးယူမှုတွေ ချမှတ်မယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ဂျင်းက ခုလိုပိတ်ဆို့အရေးယူမှုက အမေရိကန်အနေနဲ့ တရုတ်တစ်နိုင်ငံထဲမူဝါဒ ကိုချိုးဖောက်ပြီး မကြာခင်က တရုတ်တိုင်ဝမ်သို့ လက်နက်တွေရောင်းမယ်လို့ ထပ်တစ်လဲလဲကြေညာခဲ့တာကို တုံ့ပြန်တာပဲလို့ ပြောခဲ့ပါတယ်။
သူက သတင်းစာရှင်းပွဲမှာ တိုင်ဝမ်လွတ်လပ်ရေးဆိုပြီး ခွဲထွက်ဖို့ ကြိုးစားလုပ်ဆောင်ချက်တွေဟာ တိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အန္တရာယ်ဆိုးရွားစွာဖြစ်စေတယ်ဆိုတာ အမေရိကန်က ပြတ်ပြတ်သားသားအသိအမှတ်ပြုဖို့ အမေရိကန်အစိုးရကိုတိုက်တွန်းပါတယ်လို့ ပြောခဲ့ပါသေးတယ်။
တရုတ်တိုင်ဝမ်ခေါင်းဆောင် William Lai Ching-te ဟာ အခုရက်သတ္တပတ်အတွင်းမှာ အမေရိကန် ပြည်ထောင်စု၊ ဟာဝိုင်အီကျွန်းမှာ ရပ်နားပြီးနောက် အမေရိကန်ပိုင်နက်နယ်မြေနှင့် အဓိကစစ်အခြေ စိုက်စခန်းတစ်ခုရှိရာ ဂူအမ်ကျွန်းကို ဖြတ်သန်းသွားသည့်နေ့မှာ ခုလို တရုတ်အစိုးရရဲ့ ပိတ်ဆို့ အရေးယူမှုသတင်း ထွက်ပေါ်လာခဲ့တာပါပဲ။
အမေရိကန်အစိုးရကလည်း တရုတ်တိုင်ဝမ်ကို စစ်လက်နက်ပစ္စည်း ဒေါ်လာ ၃၈၅ သန်းဖိုးရောင်းချဖို့ နိုဝင်ဘာလမှာ အတည်ပြုခဲ့တာပါ။ အမေရိကန်က နိုင်ငံအတော်များများလိုပဲ တရုတ်တိုင်ဝမ်ကို လွတ်လပ်တဲ့နိုင်ငံတစ်ခုအဖြစ် မစဉ်းစားပေမယ့် ကိုယ်ပိုင်လက်နက်ကိုင်အင်အားနဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိကာ အခုလိုပဲ ပိုနေမြဲ ကျားနေမြဲ ရှိစေလိုပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရကတော့ တရုတ်တိုင်ဝမ်ကို တရုတ်ပြည်မကြီးရဲ့ အစိတ်အပိုင်းအဖြစ် ပြန်လည်ပေါင်းစည်းလိုပါတယ်။ လိုအပ်လာရင် စစ်အင်အားသုံးမှာပါ။ ပြီးတော့ တရုတ်တိုင်ဝမ်နဲ့ သူ့ရဲ့ သံတမန်ဆက်သွယ်မှုရှိတဲ့နိုင်ငံတွေအကြား တရားဝင်ဆက်သွယ်မှုတွေကိုလည်း တရုတ်အစိုးရက မလိုလားပါဘူး။
Ref- SCMP