၅.၁၂. ၂၀၂၄
Translated by Htwe Ko Tun
လူမှုကွန်ရက်မှာတင်ထားတဲ့ ဗီဒီယိုတစ်ခုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ ယူနိုက်တစ်ကင်းဒမ်းနိုင်ငံအာဏာပိုင်တွေက ထိုင်းရဲတပ်ဖွဲကို အကြောင်းကြားတောင်းဆိုခဲ့အပြီးမှာတော့ ထိုင်းအမျိုးသမီးတစ်ဦးနဲ့ ချစ်ကြိုက်ခဲ့ဖူးတဲ့ အသက် ၃၀ နှစ်ရှိ ဗြိတိသျှလူမျိုးတစ်ဦးကို အဆိုပါ ထိုင်းအမျိုးသမီးရဲ့သမီးဖြစ်တဲ့ ခြောက်နှစ်အရွယ် ထိုင်းမိန်းကလေးငယ်ကို မတရားပြုကျင့်မှုနဲ့ ထိုင်းရဲတပ်ဖွဲ့ က ဒီဇင်ဘာလ ၃ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။
လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနခွဲမှ ရဲတပ်ဖွဲ့ဝင်တွေက အဆိုပါ အင်္ဂလိပ်လူမျိုးကို ချွန်ဘူရီပြည်နယ်၊ ဘင်လာမွန်ခရိုင်၊ နာကလူးမြို့နယ်မှာရှိတဲ့ သူ့ရဲ့ ကွန်ဒိုမီနီယမ် အခန်းမှာ ဖမ်းမိခဲ့တာလို့ ချွန်ဘူရီပြည်နယ် ရဲမှူးချုပ် ဆာရွတ်ကွမ်ဆိုဖာက ပြောခဲ့ပါတယ်။
အမည်အားဖြင့် Luke လို့သာ ရဲတပ်ဖွဲ့က ဖော်ပြခဲ့တဲ့ တရားခံကို ရာဇဝတ်မှုတရားရုံးက ဒီဇင်ဘာလ ၂ ရက်မှာ ဖမ်းဝရမ်း ထုတ်ထားခဲ့တာပါ။ တရားခံကို တရားရုံးမှာ အသက် ၁၃ နှစ်အောက် ကလေးငယ်တစ်ဦးကို မတရားပြုကျင့် အကြမ်းဖက်စော်ကားမှုနဲ့ ခုခံကာကွယ်နိုင်စွမ်းမရှိသူတစ်ဦးကို ရိုင်းပျတဲ့လုပ်ဆောင်မှုတွေ ပြုမူမှုတို့နဲ့ တရားစွဲထားခဲ့ပါတယ်။
ယူနိုက်တစ်ကင်းဒမ်းနိုင်ငံ၊ အမျိုးသားရာဇဝတ်မှု အေဂျင်စီနဲ့ ထိုင်းရဲတပ်ဖွဲ့၊လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနခွဲတို့ ပူးပေါင်းညှိနှိုင်းပြီး လူမှုကွန်ရက်မှာ Luke ကိုယ်တိုင်တင်ထားခဲ့တဲ့ ထိုင်းကလေးငယ်တစ်ဦးကို လိင်စော်ကားမှုပြုတာဆိုတဲ့ ဗီဒီယိုကို စုံစမ်းထောက်လှမ်းကြပြီးတဲ့နောက်မှာ ခုလို အဖြစ်မှန် ပေါ်ပေါက်လာခဲ့ရတာပါ။
လူကုန်ကူးမှုတိုက်ဖျက်ရေး ဌာနခွဲ မှ ရဲအရာရှိတွေက ဓားစာခံကလေးငယ်ရဲ့ မိခင် ထိုင်းအမျိုးသမီးက Luke နဲ့ နှစ်နှစ်လောက် ချစ်ကြိုက်ခဲ့ကြဖူးတယ်ဆိုတာလည်း တွေ့ခဲ့ရပါတယ်။ အခုဆိုရင် မတရားပြုကျင့်ခံရတဲ့ကလေးငယ်က အသက် ခုနစ်နှစ် ရှိပြီဖြစ်ပါတယ်။ အဲဒီ လူမှုကွန်ရက်က ဗီဒီယိုကို ရဲတပ်ဖွဲ့ဝင်တွေက မိခင်ဖြစ်သူကို ပြသခဲ့တဲ့အခါမှာတော့ အတော့်ကို ထိတ်လန့်တုန်လှုပ်သွားခဲ့တယ်လို့ သိရပါတယ်။
စစ်ဆေးမေးမြန်းတဲ့အခါမှာတော့ Luke က စွဲချက်တွေအပေါ် သူမပြုလုပ်ရပါဘူးလို့ ငြင်းဆန်နေဆဲဖြစ်တယ်လို့သိရပါတယ်။
Ref -Bangkok Post