၅. ၁၂. ၂၀၂၄
Written by Thettant
အရှေ့တောင်အာရှ အနာဂတ်အမျိုးသမီးများ ဆုပေးပွဲမှာ မြန်မာနိုင်ငံက အမျိုးသမီးသုံးဦး ဆုဆွတ်ခူးနိုင်ခဲ့လို့ ဆုရရှိခဲ့ကြသူများအားလုံးကို ဝမ်းမြောက်စွာနဲ့ ဂုဏ်ပြုလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ထုတ်ပြန်ထားပါတယ်။
အရှေ့တောင်အာရှ အနာဂတ်အမျိုးသမီးများ ဆုပေးပွဲကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှာ Grand Final ကျင်းပခဲ့တာဖြစ်ပြီး ဆုရရှိသူတွေက သိပ္ပံ၊ နည်းပညာနဲ့ဒစ်ဂျစ်တယ်ကဏ္ဍအတွက် Miracle Light ကုမ္ပဏီက ဒါရိုက်တာ ဒေါက်တာ မိုးနှင်းဖြူမြင့်လွင်၊ ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူတွေအတွက် အင်ဂျင်နီယာဆိုင်ရာသန့်ရှင်းရေးနဲ့ ကျန်းမာရေးမြှင်တင်ပေးသူဖြစ်တဲ့ ဒေါငြိမ်းအိစံက အိမ်ခြံမြေ၊ အခြေခံအဆောက်အဦနဲ့ ဆောက်လုပ်ရေးကဏ္ဍဆုရခဲ့သလို ကျွမ်းကျင်မှုအတတ်ပညာကဏ္ဍအတွက် တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးတို့ ဆုရရှိခဲ့ကြတယ်လို့ သိရပါတယ်။
အရှေ့တောင်အာရှ အနာဂတ်အမျိုးသမီးများဆုအစီအစဥ်ဟာ ဒေသတွင်းက အမျိုးသမီးများစွမ်းရည်ကို အားပေးဖို့နဲ့ အားကောင်းလာဖို့ ရည်ရွယ်ပြီး စံနမူနာပြသနိုင်အောင် ဒေသတွင်း ထွန်းသစ်စခေါင်းဆောင်တွေကို မီးမောင်းထိုးပြသရာနေရာတစ်ခုဖြစ်ပါတယ်။
အမျိုးသမီးများနဲ့ မိန်းကလေးများရဲ့ စွမ်းဆောင်မှုမြှင့်တင်ခြင်းဟာ ယူကေအစိုးရရဲ့ ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ပြီး ကျား၊ မ တန်းတူညီမျှမှုရှိခြင်းနဲ့ အမျိုးသမီးများရဲ့ စွမ်းဆောင်နိုင်မှုကို မြှင့်တင်ခြင်းဟာ မြန်မာနိုင်ငံမှာ အားလုံးပါဝင်ပြီး တရားမျှတတဲ့ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ဖို့အတွက်လည်း အဓိကကျပါတယ်လို့ ယူကေအစိုးရက ပြောပါတယ်။ (Photo – UK in Myanmar)