◾ သဘာဝဘေးအန္တရာယ်တွေကနေ ကာကွယ်နိုင်ဖို့ စိုက်ရောင်းစနစ်ထက် သိုလှောင်ဖြန့်ဖြူးစနစ်ကို ဦးတည်သင့်ကြောင်း တောင်သူတချို့ သုံးသပ်
၅ .၁ဝ.၂ ၂၀၂၄
Written by Hey Mar
ပြီးခဲ့တဲ့ သြဂုတ်၊ စက်တင်ဘာလ အာလူးစိုက်ပျိုးထုတ်လုပ်တဲ့ ရာသီချိန်မှာ စိုက်စရိတ် တစ်ဧက ကျပ် ၇၅ သိန်းကနေ သိန်းတစ်ရာကြား ကုန်ကျစရိတ်ရှိနေလို့ အာလူးစိုက်ဧက လျှော့စိုက်တဲ့ အခြေအနေတွေရှိလာတယ်လို့ အာလူးစိုက် တောင်သူတချို့ထံကနေ စုံစမ်းသိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက တိုင်ဖွန်းမုန်တိုင်း ရာဂီ အကြွင်းအကျန်တွေ ဝင်ရောက်လာကာ မိုးအလွန်များခဲ့တာကြောင့် ရေကြီးရေလျှံခြင်းတွေ ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့ပြီး ရှမ်းပြည်တောင်ပိုင်းရဲ့ အဓိက အာလူးစိုက်ဧရိယာအတော်များများ ပျက်စီးခဲ့တာကြောင့် ထွက်နှုန်းကျပြီး ဆုံးရှုံးမှုများကာ ဈေးကွက်လိုအပ်ချက် မဖြည့်နိုင်လို့ လက်ရှိမှာ ပြည်တွင်းလက်လီဈေးကွက်အတွင်း အာလူးဈေးနှုန်းက တစ်ဆယ်ကျပ်သား ကျပ် ၁၂၀၀ ကနေ ၁၄၀၀ ကျပ်။ ပိဿာလုံးဈေးက တစ်ပိဿာကို ကျပ် တစ်သောင်း နှစ်ထောင်ကနေ ကျပ် တစ်သောင်းလေးထောင်အထိ ရောင်းချဝယ်ယူနေကြရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း နောင်တရားဒေသရှိ အာလူးစိုက်တောင်သူတစ်ဦးလည်းဖြစ်ပြီး နောင်တရားဒေသ အာလူးစိုက်တောင်သူများအဖွဲ့ရဲ့ တာဝန်ရှိသူ ဦးခွန်စန်းဦးက “ကျွန်တော်တို့နိုင်ငံရဲ့ အားနည်းချက်က တစ်နိုင်ငံလုံး အာလူးအမြောက်အများထွက်နေတဲ့ လေးလပိုင်း၊ ငါးလပိုင်းဆိုရင် အဲ့ဒါကို ဈေးကွက်ရော ပစ္စည်းထိန်းသိမ်းမှုရောကို သေချာမစီစဉ်နိုင်ဘူး။ အဓိကကတော့ သီးနှံ သိုလှောင်ထိန်းသိမ်းတဲ့ အအေးခန်းစက်ရုံလိုမျိုး မရှိဘူး။ အဲ့ဒီစက်ရုံရှိရင် အနည်းဆုံး ရှစ်လလောက် သိုလှောင်ထိန်းသိမ်းထားလို့ရတော့ ဈေးကွက်မှာလည်း လိုအပ်တဲ့အချိန် ထုတ်ရောင်းတာမျိုး၊ ပေါနေတဲ့အချိန် ချိန်ဆတာမျိုး လုပ်နိုင်တယ်။ အခုက ပေါများတဲ့အချိန်ကြ ပုပ်လို့ လွှင့်ပစ်ရတဲ့အထိ၊ ဈေးကလည်း မရဘူး” လို့ MT News ကို ပြောပါတယ်။
လက်ရှိ နောင်တရားဒေသမှာ တန်ချိန် ၃၀၀၀ ဆံ့ အအေးခန်းသိုလှောင်ရုံကို တောင်သူတွေ စုပေါင်းအားနဲ့ တည်ထောင်ထားပြီး၊ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှာလည်း တန်ချိန် ၁၅၀၀ ဆံ့ အအေးခန်းသိုလှောင်ရုံ ရှိနေပြီဖြစ်ကာ တန်ချိန် ၄၅၀၀ ခန့် သိုလှောင်ထားနိုင်ပြီး သွားရေစာ ဈေးကွက်ဖြစ်တဲ့ အာလူးကြော် ထုတ်လုပ်မှုဈေးကွက်အတွက် အဓိက ရည်ရွယ်တယ်လို့လည်း သိရပါတယ်။
“ဒီအအေးခန်းသိုလှောင်ရုံကလည်း ကျွန်တော်တို့ မျိုးတွေ ထိန်းသိမ်းဖို့လောက်ပဲ အဆင်ပြေတယ်။ ဈေးကွက်အတွက် သိုလှောင်ဖို့ကြ မလုံလောက်ဘူး။ ကုန်ကျစရိတ် အရမ်းများပါတယ်။ အာလူးကြော်ထုတ်လုပ်မှု လုပ်ငန်းဈေးကွက်က အရမ်းကောင်းပြီး တစ်နှစ်ပတ်လုံး လည်ပတ်နေတာ။ သူတို့ လိုချင်ပေမယ့် ကျွန်တော်တို့ မပေးနိုင်ဘူးပေါ့လေ။ သူတို့လည်း တစ်နိုင်တစ်ပိုင် ကွန်တိန်နာနဲ့ သိုလှောင်တာရှိပါတယ်” လို့ ဦးခွန်စန်းဦးက ဆက်ပြောပါတယ်။
ပြည်တွင်းမှာ အာလူးစားသုံးမှု အရင်ကထက် မြင့်တက်လာပြီး အရင်က တစ်ရက် တန် ၂၀၀ လောက် ဖြန့်ဖြူးရင်လုံလောက်ပေမယ့် အခု တစ်ရက်ကို တန် ၄၀၀ နှုန်း လိုအပ်ချက်လည်း ရှိနေတယ်လို့ ဈေးကွက်အခြေအနေကိုလည်း ဘုရင်နောင် ကုန်စည်ဒိုင်ရှိစားဖိုဆောင် သီးနှံများ စိုက်ပျိုးထုတ်လုပ်သူအသင်းတာဝန်ရှိသူ ဦးခင်ဟန်က တွက်ချက်ပြပါတယ်။
သူက”အရင်က တစ်ရက်ကို ပိဿာချိန် တစ်သိန်းခွဲလောက်ဝင်ရင် ဒီနှစ်က နှစ်သောင်းကျော်လောက်ပဲ ဝင်တယ်။ တန် ၃၀ကျော်ပဲ ဝင်တဲ့ အခြေအနေပေါ့။ အခြေအနေအရ ဈေးကွက်ထဲ ရှားနေပေမယ့် နောက်နှစ်ပတ်လောက်ဆို ဈေးပြန်ကျမယ်။ လှိုင်လှိုင်ဝင်မယ် မှန်းလို့ရပါတယ်။ မနှစ်ကထက်တော့ အဝင်အတော်နည်းတာပေါ့။ ဈေးကွက်ထဲ ခွဲတမ်းနဲ့ မျှပေးနေရတယ်” လို့ MT News ကို ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ စိုက်ပျိုးသီးနှံ အခြေအနေမှာ စိုက်ရောင်းအခြေအနေထက် သိုလှောင်ဖြန့်ဖြူးတဲ့ အခြေအနေကို သွားသင့်နေပြီလို့လည်း တောင်သူ ဦးခွန်စန်းဦးက ဆိုပါတယ်။ စားသုံးသူ အလျင်မီရေးအတွက် မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးဒေသတွေမှာ တစ်နှစ်ပတ်လုံး စိုက်ပျိုးနေရပြီး ရာသီဥတုနဲ့ သဘာဝဘေးအန္တရာယ်ရဲ့ ဖျက်စီးမှုတွေကိုလည်း နိုင်ငံတော်ရော၊ တောင်သူပါ ခါးစည်းခံရကြောင်း၊ ဒါတွေကို ရှောင်ရှားနိုင်ဖို့ဆိုရင် ပွင့်လင်းရာသီချိန်မှာ နည်းပညာအထောက်အကူ အားကိုးထုတ်လုပ် သိုလှောင်တာက Food Safety အတွက်ပါ အထောက်အကူဖြစ်စေမယ်လို့ သူ့အမြင်ကို သုံးသပ်ပြပါတယ်။