၅.၁၂. ၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုမှ နိုင်ငံစုံကျန်းမာရေးဝန်ဆောင်မှုနဲ့ အာမခံကုမ္ပဏီဖြစ်တဲ့ United Healthcare ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ ဘရိုင်ယန် သောမ်ဆင်ဟာ နယူးယော့ခ်မြို့မှာ ကုမ္ပဏီရဲ့ နှစ်ပတ်လည်ရင်းနှီးမြှုပ်နှံသူတွေညီလာခံကို တက်ရောက်ဖို့ နယူးယော့ခ် ဟီလ်တန်ဟိုတယ်ကို လမ်းလျှောက်သွားနေစဉ် မန်ဟတ်တန် ရပ်ကွက်အတွင်းမှာ ဒီဇင်ဘာလ ၄ ရက် နံနက် ဒေသစံတော်ချိန် ၆ နာရီ ၄၅ မိနစ်ခန့်မှာ သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကိုခံရပြီး သေဆုံးခဲ့ရတယ်လို့ နယူးယော့ခ်မြို့ ရဲတပ်ဖွဲ့ က ပြောခဲ့ပါတယ်။
နယူးယော့ခ်မြို့ ရဲတပ်ဖွဲ့ ရဲမင်းကြီး ဂျက်ဆီကာတစ်က အခုဆိုရင် ဒီအကြမ်းဖက်သတ်ဖြတ်မှုဟာ ကြိုတင်ကြံရွယ်ထားတဲ့၊ ကြိုတင်ပြင်ဆင်စီစဉ်မှုလည်းလုပ်ထားတဲ့ ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်မှုတစ်ခုပဲလို့ ပြောခဲ့ပါတယ်။
သေနတ်သမားက ပစ်ခတ်မှုပြုပြီးတဲ့နောက် ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ နယူးယော့ခ်ရဲတပ်ဖွဲ့က မျက်နှာကို ခေါင်းစွပ်ခြုံထားတဲ့ မသင်္ကာဖွယ်သေနတ်သမားကို ပစ်ခတ်မှုမပြုခင် အနီးရှိ Starbucks ကော်ဖီဆိုင်မှာ တွေ့ရတဲ့ ဗီဒီယို အတိုကို ထုတ်လွှင့်ခဲ့ပါတယ်။ ဒါ့အပြင် သေနတ်သမားက ကျောပိုးအိတ် တစ်လုံးလွယ်ထားတာလည်း ဗီဒီယိုမှာ တွေ့ကြရပါတယ်။
အမည်မဖော်တဲ့ ရဲအရာရှိတွေကတော့ သေနတ်သမားအနေနဲ့ ထွက်ပြေးနေတုန်း အဓိကကျတဲ့ သဲလွန်စတချို့ ကျကျန်ခဲ့နိုင်တယ်လို့ ပြောခဲ့ပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့လည်း ပစ်ခတ်မှုဖြစ်အပြီး အနီးရှိလမ်းသွယ်တစ်ခုအတွင်း ရေဘူးတစ်ဘူးနဲ့ မိုဘိုင်းဖုန်းတစ်လုံး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ခုလို United Healthcare Group ရဲ့ အမှုဆောင်အရာရှိချုပ်ကို သတ်ဖြတ်ရတာရဲ့ အကြောင်းရင်းကိုတော့ ရှင်းလင်းစွာ မသိရသေးပါဘူး။ ရဲတပ်ဖွဲ့ကလည်း ဒါကိုကြေညာခြင်းမရှိသေးပါဘူး။ ဒါပေမယ့် စုံစမ်းထောက်လှမ်းရေး သတင်းရင်းမြစ်တစ်ခုကတော့ United Healthcare ရဲ့ ပင်မကုမ္ပဏီဖြစ်တဲ့ မင်နီဆိုတား ပြည်နယ်အခြေစိုက် United Health Group ရဲ့ အဆင့်မြင့်အမှုဆောင်တွေကို ခြိမ်းခြောက်မှုတွေရှိနေလို့ သတိရှိနေကြရတယ်လို့ ဆိုပါတယ်။
သေနတ်သမားကို ဖမ်းမိနိုင်ဖို့ သတင်းပေးသူတွေကို ဒေါ်လာ ၁၀,၀၀၀ ဆုငွေပေးမယ်လို့ ရဲတပ်ဖွဲ့က ကြေညာထားပါတယ်။
Ref- CNN