၅.၁၂. ၂၀၂၄
Translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံ အမျိုးသားမီးရထားလုပ်ငန်းရဲ အလုပ်သမားသမဂ္ဂက ဦးဆောင်တဲ့ အလုပ်သမားတွေဟာ လုပ်ခလစာတိုးမြှင့်ရေးအတွက် ညှိနှိုင်းမှုတွေ ပြီးဆုံးသွားခဲ့တာကြောင့် ဒီဇင်ဘာလ ၅ ရက်မှာတော့ သူတို့ရဲ့ ရက်အကန့်အသတ်မရှိတဲ့ အထွေထွေသပိတ်တစ်ခုကို စတင်ခဲ့ကြပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်လည်းဖြစ်တဲ့ ကိုရီးယားမီးရထားပို့ဆောင်ရေးကော်ပိုရေးရှင်း(KORAIL) က အလုပ်သမားတွေရဲ့ ဆန္ဒပြမှုက ဆိုးလ်မြို့ ဧရိယာအတွင်းမှာရှိတဲ့ မြေအောက်ရထားဝန်ဆောင်မှုတွေ၊ နိုင်ငံတစ်ဝန်းမှာရှိတဲ့ မြန်နှုန်းမြင့် KTX ရထားတွေနဲ့ ပုံမှန်ရထားဝန်ဆောင်မှုတွေကို ထိခိုက်သက်ရောက်စေမှာ ဖြစ်ပါတယ်။
အခုဆိုရင် KORAIL ဟာလည်း ယာဉ်ကြောပိတ်ဆို့မှုတွေကို လျှော့ချနိုင်ဖို့အတွက် ရရှိနိုင်တဲ့ ဝန်ထမ်းနဲ့ အရင်းအမြစ်တွေအားလုံးကို စုစည်းပြီး အရေးပေါ်သယ်ယူပို့ဆောင်ရေးလှုပ်ရှားမှု ပြုလုပ်ရမယ့် အခြေအနေမှာ ရှိနေပါတယ်။
ရထားအလုပ်သမားတွေရဲ့ ဆန္ဒပြမှုပြီးဆုံးတဲ့အထိ အစိုးရအနေနဲ့ သက်ဆိုင်ရာအေဂျင်စီတွေနဲ့ ဒေသဆိုင်ရာအစိုးရတွေနဲ့အတူ ၂၄ နာရီ ပူးတွဲသယ်ယူပို့ဆောင်ရေးလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
KORAIL နဲ့ မီးရထားသမဂ္ဂ အလုပ်သမားတို့ရဲ့ မနေ့က ပြုလုပ်ခဲ့တဲ့ ညှိနှိုင်းဆွေးနွေးပွဲမှာလည်း တိုးတက်မှုတစ်စုံတစ်ရာ မရခဲ့ကြပါဘူး။ ဒါပေမယ့် KORAIL အနေနဲ့ ဦးတည်ရာလမ်းကြောင်းမှာ စီမံမှုဆိုင်ရာ အပြောင်းအလဲတွေလုပ်မယ်ဆိုရင် ဆွေးနွေးပွဲတွေကို ပြန်လည်စတင်ဖို့ သမဂ္ဂဘက်က အဆင်သင့်ရှိတယ်လို့ ပြောခဲ့ပါတယ်။
မီးရထားသမဂ္ဂ အလုပ်သမားတွေက အစိုးရပိုင် KORAIL မီးရထားပို့ဆောင်ရေးကော်ပိုရေးရှင်းမှာ အလုပ်သမားတွေကို လုပ်ခလစာတိုးပေးဖို့နဲ့ ဝန်ထမ်းအင်အား ပိုမိုခန့်ထားပေးဖို့ တောင်းဆိုနေကြတာပါ။
Ref- Yonhap