၅. ၁၂. ၂၀၂၄
Written by Tha Doe
ထိုင်းနိုင်ငံရဲ့ ဆုန်ခရန်ပွဲတော်ဟာ မနှစ်ကစ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်သွားပြီးနောက် ဒီနေ့ ဒီဇင်ဘာ ၅ ရက်မှာတော့ “မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်” ဟာ ပထမဆုံးအနေနဲ့ UNESCO -Intangible Cultural Heritage of Humanity အဖြစ်သတ်မှတ်ခံခဲ့ရပြီး ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Myanmar Traditional New Year Atā Thingyan Festival ခေါင်းစဥ်နဲ့ မြန်မာ့အတာသင်္ကြန်ကို ကမ္ဘာ့ဒြပ်မဲ့ ယဥ်ကျေးမှုအမွေအနှစ်အဖြစ် မနှစ်က မတ်လအတွင်း တင်သွင်းခဲ့ပြီး အောက်တိုဘာလအတွင်းမှာ ဆန်ခါတင်ရွေးချယ်ခံခဲ့ရသလို အခု ဒီဇင်ဘာ ၂ ရက်ကနေ ၇ ရက်အထိ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့ မှာ ကျင်းပပြုလုပ်နေတဲ့ ၁၉ ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှု အမွေအနှစ်ညီလာခံမှာတော့ UNESCO Intangible Cultural Heritage စာရင်းဝင် ကမ္ဘာ့အမွေအနှစ်အဖြစ် တရား၀င် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိအစိုးရလက်ထက်မှာ မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရတဲ့အပေါ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကလည်း မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ယူနက်စကိုရဲ့ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်စာရင်း (Representative List of the Intangible Cultural Heritage of Humanity) မှာ ပါဝင်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရာမှာ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်နဲ့ ပတ်သက်တဲ့ အဆိုပြုစာတွဲ (Nomination File)ကို UNESCO ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ကော်မတီ (Committee of Intangible Cultural Heritage) ဆီ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်မှာ ပေးပို့တင်သွင်းခဲ့တယ် ပြောပါတယ်။
မြန်မာနိုင်ငံက တင်သွင်းထားတဲ့ “မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်” အဆိုပြုစာတွဲကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းမှာ ပါဝင်နိုင်ရေးနဲ့ပတ်သက်လို့ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့မှာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်ကနေ ၇ ရက်အထိ ကျင်းပတဲ့ (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ညီလာခံမှာ ဒီဇင်ဘာ ၅ ရက်က တရားဝင် ဆုံးဖြတ်ခဲ့ပြီးဖြစ်လို့ အခုဆို မြန်မာနိုင်ငံက တင်သွင်းထားတဲ့ “မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်”ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းမှာ မြန်မာနိုင်ငံအနေနဲ့ ပထမဆုံးတရားဝင် ပါဝင်နိုင်ခဲ့ပြီဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဒီလို ပါဝင်နိုင်ခြင်းဟာ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အသင်းအပါအဝင် မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးက တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုအသင်းတွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကြောင့် ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
“မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်” ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းမှာ ပါဝင်ခြင်းအားဖြင့် “မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်”ကို ကမ္ဘာက ပိုမိုသိရှိလာနိုင်တာ၊ မျိုးဆက်သစ် နောင်လာနောက်သားတွေကို လက်ဆင့်ကမ်းအမွေ ပေးအပ်နိုင်တာ၊ အတာသင်္ကြန်ကို ရိုးရာမပျက် ထိန်းသိမ်းကျင်းပနိုင်ရေးအတွက် ပြည်သူလူထုရဲ့ အသိအမြင် ပိုမိုပွင့်လန်းလာစေတာ၊ မြန်မာနိုင်ငံရဲ့ အခြားသော ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တွေကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် အတွေ့အကြုံကောင်းတွေနဲ့ အခွင့်အလမ်းကောင်းတွေ ပိုမိုရရှိလာစေခြင်း စတဲ့ အကျိုးကျေးဇူးများစွာ ရရှိလာမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။